Home
နိုင်ငံတကာ
ကွန်ဂိုတွင် တိုက်ပွဲဖြစ်၊ ဂိုမာမြို့တော်၌ ရဝမ်ဒါစစ်တပ် ရောက်ရှိနေဟု ကွန်ဂိုအစိုးရစွပ်စွဲ
DVB
·
January 29, 2025
Photo-Reuters

ရဝမ်ဒါ ကျောထောက်နောက်ခံပြု သူပုန်တွေ ထိုးစစ်ဆင်နေတဲ့ ကွန်ဂိုနိုင်ငံအရှေ့ဘက်က ဂိုမာမြို့တော်မှာ ရဝမ်ဒါစစ်တပ် ရောက်ရှိနေတယ်လို့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရက ဇန်နဝါရီ ၂၇ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ကွန်ဂိုတပ်ဖွဲ့တွေဟာ “သတ်ဖြတ်ခြင်းနဲ့ လူ့အသက်ဆုံးရှုံးခြင်း” တို့ကို ကာကွယ်ဖို့ လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် မူယာယာက သတင်းထောက်တွေကို ပြောကြားခဲ့ပြီး ဂိုမာမြို့ခံတွေကိုလည်း နေအိမ်ထဲမှာသာ နေကြဖို့နဲ့ ဖျက်လိုဖျက်ဆီးမှု လုပ်ရပ်တွေထဲမှာ ဝင်မပါကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

သူပုန်တွေဟာ တနင်္လာနေ့ အစောပိုင်းမှာ ဂိုမာမြို့ကို ချီတက်ခဲ့ကြပြီး ကွန်ဂိုတပ်တွေဟာ နယ်စပ်ကိုဖြတ်ကျော်လာတဲ့ ရဝမ်ဒါစစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ကီဂါလီ ကျောထောက်နောက်ခံပြုလို့ ဆိုထားတဲ့ သူပုန်အဖွဲ့ဟာ ဂိုမာကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ အခိုင်အမာ ပြောဆိုလိုက်တာကြောင့် ကွန်ဂိုစစ်သားတွေ အပါအဝင် လူထောင်ပေါင်းများစွာဟာ အိမ်နီးချင်း ရဝမ်ဒါနိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။

ထိုးစစ်ကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုထားပေမဲ့လည်း တိုက်ပွဲတွေက ဆက်ရှိနေပါတယ်။

ကင်ညာနိုင်ငံက အရေးပေါ် ဒေသခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်ဖို့ တောင်းဆိုနေချိန်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ရဝမ်ဒါကို ဝန်ထမ်းတွေနဲ့ မိသားစုတွေကို စတင် ရွှေ့ပြောင်းခဲ့ပါတယ်။

အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ရဝမ်ဒါရဲ့ M23 သူပုန်အဖွဲ့အတွက် ကျောထောက်နောက်ခံပေးနေမှုတွေကို ရှုတ်ချခဲ့ပြီး ကီဂါလီကတော့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

“ကွန်ဂိုရဲ့ ဂိုမာမြို့တော်မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ခုထိ မပြီးဆုံးသေးကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေဟာ မြို့ရဲ့ ရပ်ကွက်ကြီး၊ ရပ်ကွက်ငယ် အားလုံးကို ပျံ့နှံ့သွားပါပြီ” လို့ ကွန်ဂိုရှိ ကုလသမဂ္ဂ အထူးသံတမန်နဲ့ ထိပ်တန်း ကုလသမဂ္ဂ အကူအညီပေးရေး အရာရှိ  ဘရူနို လဲရ်မာကိစ်က ဇန်နဝါရီ ၂၇ ရက်မှာ ကင်ရှာဆာမြို့တော်ကနေ ဗီဒီယိုကတဆင့် နယူးယောက်ရှိ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့အစောပိုင်းက အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ဂိုမာမြို့လယ်ရှိ သားဖွားဆေးရုံတရုံကို ထိမှန်ခဲ့ပြီး မွေးကင်းစ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေ သေဆုံး ဒဏ်ရာရခဲ့ကြောင်းလည်း ကုလသမဂ္ဂ အကြီးတန်းအရာရှိ လဲရ်မာကိစ်က ပြောပါတယ်။

ဒီဇင်ဘာလက ကုလသမဂ္ဂရဲ့ မစ်ရှင်အဖွဲ့မှာ ကွန်ဂိုမှာ ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၁၀,၉၆၀ ယောက်နဲ့ အရပ်သား ၁,၇၅၀ ရှိပြီး အများစုက အရှေ့ဘက်မှာ တပ်စွဲထားပါတယ်။

DRC က သိပ်အရေးကြီးသူ မဟုတ်တဲ့ ဝန်ထမ်းတွေကို ယူဂန်ဒါကို ပြောင်းရွှေ့ထားကြောင်းလည်း လဲရ်မာကိစ်က ပြောပါတယ်။

တနင်္လာနေ့မှာ အင်တာနက် ဖြတ်တောက်ခဲ့ပြီး ဖုန်းလိုင်းတွေ မလုံလောက်ဘဲ ရေနဲ့ လျှပ်စစ်မီးလည်း ပြတ်တောက်သွားပါတယ်။

ထိုးစစ်ကို ချက်ချင်းရပ်ပစ်ဖို့ ကုလသမဂ္ဂက တောင်းဆိုထားပေမဲ့ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားမှာကို စိုးရိမ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပြီး အခြေအနေ တင်းမာနေဆဲ ဖြစ်ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဖယ်လစ် ရှီဆယ်ကယ်ဒီဟာ ဇန်နဝါရီ ၂၇ ရက်က ကင်ရှာဆာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး အစည်းအဝေး ကျင်းပခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013