Home
မြန်မာသတင်း
ဘောမိတိုက်ပွဲတွင် ပါဝင်သည့် တင့်ကားတပ်ရင်းမှူး ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
DVB
·
January 27, 2025
Photo: ဒေသခံ၊ Tun Tun

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ဘောမိကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တင့်ကားတချို့ ကို AA သိမ်းဆည်းရရှိသွားတာကြောင့်ဆိုပြီး တိုက်ပွဲမှာ ပါတဲ့ တင့်ကားတပ်ရင်းမှူးတယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရသူဟာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့အခြေစိုက် တင့်ကားတပ်ရင်း (တကရ) ၆၀၁၇ ရဲ့ တပ်ရင်းမှူးဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသဖို့ ပုသိမ်ကို ခေါ်လာပြီးနောက် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အနောက် တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “တပ်က ကိုယ့်တပ်ရင်းမှူးဆိုသူကို ဖမ်းဆီးလိုက်တာ ဟုတ်ပါတယ်။ တပ်ဆုတ်ရင်း စစ်လက်နက်ပစ္စည်းတွေကို မဖျက်ဆီးဘဲ ထားခဲ့တာကြောင့်ဆိုပြီး ဖမ်းထားတာလို့ သိရတယ်။ တပ်ရင်းမှူးက ဒဏ်ရာကတော့ သိပ်မပြင်းထန်ပါဘူး။ စစ်ဥပဒေမှာလည်း ရှိတယ်လေ။ နောက်ထပ် အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့အစပ် ဘောမိကျေးရွာနဲ့ အနီးတဝိုက်မှာ ၂၀၂၅ ခု ဇန်နဝါရီ ၁၆ ရက် ညကစတင်ပြီး အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုတွေနဲ့ ရွှေသောင်ယံဘက်ဆုတ်ခွာခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှာတော့ ဘောမိကျေးရွာကို AA နဲ့ ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဘောမိတိုက်ပွဲမှာ စစ်ကားတွေ၊ တင့်ကားတွေ မီးလောင်တာတွေ့ရတယ်။ AA က ဘယ်လောက် ရသွားတယ်ဆိုတာတော့ မသိဘူးပေါ့နော်။ လက်ရှိ ရွှေသောင်ယံဘက်မှာ ပစ်ခတ်သံတွေတော့ ကြားနေရတယ်။ ဘယ်ဘက်က ပစ်ခတ်နေတာလည်းတော့ သေချာ မသိဘူး” လို့ ပြောပါတယ်။

ဘောမိတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အပါအဝင် နေအိမ်အဆောက်အဦ ၄၀၀ ဝန်းကျင် ပျက်စီးခဲ့ရပြီး သံဃာ ၁ ပါး အပါအဝင် ၆ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်-ဧရာဝတီအစပ် ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ၂၀၂၅ ခု ဇန်နဝါရီ ၂၀ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဘောမိကျေးရွာတိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်ပြီးနောက် အခုနှစ် အစောပိုင်းမှာပဲ ရခိုင်-ဧရာဝတီအစပ်ရှိ ဧရာဝတီတိုင်းထဲက ဒေသတချို့ကိုပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဧရာဝတီတိုင်းထဲက နာမည်ကျော် ကမ်းခြေတွေဖြစ်တဲ့ ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေဆီ ခရီးသွားဧည့်သည် လာရောက်မှု ရုတ်တရက် မရှိသလောက်အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013