
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ် ၂၀ လောက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တကြိမ်၊ ဇန်နဝါရီ ၁၉ ရက်ကတကြိမ်နဲ့ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းမှာ တကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက်မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မီးရှို့မှုကြောင့် ဒေသခံနေအိမ် ၂၀ လောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
TNLA သတင်းရင်းမြစ်တယောက်က “တိုက်ပွဲမရှိဘဲ လာပြီး ဖျက်ဆီးသွားတာ။ ကျနော်တို့တပ်တွေလည်း မရှိဘူး။ တိုက်ပွဲမဖြစ်တော့ဘူး ဆိုတာထက် နှစ်ဖက်ရင်ဆိုင်ထားတဲ့ အနေအထားပါ။ တောင်ခမ်းမှာလည်း ဒီလိုပါပဲ” လို့ ပြောပါတယ်။
အုမ္မတီးကျေးရွာဟာ နောင်ချိုမြို့နဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ ရွာတရွာဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်အထိ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နေရာ ဖြစ်ပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့ တောင်ခမ်းမှာ စစ်ကောင်စီရဲ့ အမြောက်တပ်တွေကို TNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်တာထက် ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် တိုက်ပွဲငြိမ်သက်သွားတာလို့ TNLA သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“ပိတ်ဆို့လိုက်တာကြောင့် တိုက်ပွဲမဖြစ်တော့တာ။ စစ်ကောင်စီကတော့ အဲဒီကတပ်တွေကို လေကြောင်းကနေ လက်နက်၊ ခဲယမ်း၊ ရိက္ခာ ဖြည့်ပေးနေတာရှိတယ်။”
စစ်ကောင်စီဟာ တောင်ခမ်းက အမြောက်တပ်တွေ မကျစေရေး၊ နောင်ချိုနဲ့ ပြင်ဦးလွင်ကြားက တပ်စခန်းတွေ မကျစေရေးအတွက် အပြင်းအထန် ခုခံနေတာဖြစ်ပြီး အကြောင်းမရှိဘဲ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို နောင်ချိုမြို့ကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးနေရပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့ ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။