Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ စစ်ကောင်စီတပ်က ရွာမီးရှို့ပြီး ပြည်သူပိုင် အဖိုးတန်ပစ္စည်းများယူသွား
DVB
·
January 27, 2025

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ချောင်းနားရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ မီးရှို့ပြီး ရွာအတွင်းက ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေ ရှာဖွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက မြိုင်မြို့ကနေ မြိုင်နယ် စက်မှု ၂ ကပစ စက်ရုံကို စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီ ၂၅ ရက်မှာ စက်မှု ၂ ကနေ မြိုင်နယ် အနောက်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ပျူရွာကို ရိက္ခာသွားပို့ပြီး အပြန်မှာ  အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ချောင်းနားတိုက်ရွာကို မီးရှို့သွားတာပါ။

ဒေသခံ ရွာသားတယောက်က “ကျနော်တို့ရွာက လူတွေအများစုကတော့ တောင်ယာလုပ်ငန်းနဲ့ ထန်းပင်တက်ပြီး ထန်းလျက်ချက်တဲ့ လုပ်ငန်းကို လုပ်ကိုင်ကြတာပါ။ သူတို့လာပြီဆိုကတည်းက ရွာရှိလူကုန် အကုန်ထွက်ပြေးကြရတယ်။ ဘာလို့ ရွာထဲကနေ ထွက်ပြေးကြတာလဲဆိုတာ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ဖမ်းမိတယ်ဆိုရင် အကုန်သတ်ဖြတ်နေတာ မျက်မြင်ပဲ။ အဲဒီလိုဆိုတော့ သူတို့နဲ့ မတွေ့မိအောင်ကို ကြိုတင်ရှောင်ပုန်းကြရတာပေါ့ဗျာ။ အခုလည်း ကျနော်တို့ရွာက ပြည်သူပိုင်နေအိမ် တိုက်တလုံးကို အကြောင်းမဲ့ မီးရှို့သွားတယ်။ ရွာထဲက ပြည်သူနေအိမ်ထဲကို ဝင်ရောက်ရှာဖွေပြီး အဖိုးတန် ရွှေ၊ ငွေနဲ့ ဆန်၊ ဆီ၊ အဝတ်အစားကအစ အကုန်ယူသွားကြတယ်။ နောက်ပြီး သူတို့သယ်လို့ အားရပြီး မနိုင်တော့ ရွာထဲက ပြည်သူ နေအိမ်အတွင်းက ဆန်တွေ၊ ဆီတွေ အားလုံးကို မြေကြီပေါ် အကုန်ဖြန့်ကြဲ ဖျက်ဆီးထားခဲ့ကြတယ်ဗျ” လို့ ပြောပါတယ်။

စစ်တပ်က ချောင်းနားရွာအပြင် ဆယ်ပြားကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ မိတ္ထီလာကျေးရွာနဲ့ စိုကန်ကျေးရွာက နေအိမ်တွေကို ဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်တာကိုလည်း ပြုလုပ်သွားတယ်လို့ အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“ပျူရွာကို ရိက္ခာပို့ပြီး မြိုင်ဘက်ကို ပြန်လာပြီး သူတို့သွားလာတဲ့ လမ်းကြောင်းပေါ်မှာ တွေ့တဲ့ ရွာတိုင်းလိုလိုကို စစ်တပ်က အခုလိုလုပ်သွားတာပါ။ ကျနော်တို့အဖွဲ့တွေနဲ့တော့ တိုက်ပွဲ မဖြစ်ပါဘူး။ ကျနော်တို့ ရွာတိုင်း ရွာတိုင်းက ပြည်သူတွေ စစ်တပ် စစ်ကြောင်းနဲ့ ထိပ်တိုက် တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်မခံရအောင် ကြိုတင်ပြင်ဆင် ထွက်ခွာလို့ရအောင် ကူညီကယ်ဆယ် ရေးတွေ လုပ်ဆောင်ပေးရတာပေါ့။ ဒီစခတွေက လူစိတ်ရှိတဲ့ကောင်တွေ မဟုတ်ဘူး။ အဲတာကြောင့် ပြည်သူတွေကို အဓိကထားပြီး ကူညီကယ်ထုတ်ခဲ့ပါတယ်။ စစ်ကြောင်းအတွင်း ပြည်သူတဦးတယောက်မှ ဖမ်းဆီးသတ်ဖြတ်ခံရတာမရှိခဲ့ဘူး။” 

အခုဇန်နဝါရီလအတွင်း မြိုင်မြို့နယ်ရှိ ပျူရွာတွေကို စစ်တပ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရိက္ခာလိုက်ပို့နေတာကြောင့် ဒေသခံပြည်သူ ၁၅၀၀၀ ကျော် နေရပ်စွန့်ခွာ နေကြရပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024