
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရနဲ့ M23 သူပုန်အဖွဲ့တို့ဟာ ကွန်ဂိုအရှေ့ပိုင်းမှာ တိုက်ပွဲတွေ အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် မူဘောင်သဘောတူညီချက်ကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သဘောတူညီချက်ကို ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ ကျင်းပတဲ့ အခမ်းအနားမှာ နှစ်ဘက်စလုံးက ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အိမ်နီးချင်း ရဝမ်ဒါနိုင်ငံက ထောက်ခံတဲ့ လှုပ်ရှားမှုများစွာထဲက နောက်ဆုံးတခုအနေနဲ့ M23 အဖွဲ့ဟာ ဇန်နဝါရီလမှာ ကွန်ဂိုအရှေ့ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂိုမာမြို့ကို သိမ်းပိုက်ခဲ့ပြီး မြောက်ကီဗူးနဲ့ တောင်ကီဗူးပြည်နယ်တွေမှာ အောင်ပွဲတွေရခဲ့ပါတယ်။
ကွန်ဂိုမှာ အရင်ကထက်ပိုများတဲ့ နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ M23 အဖွဲ့ကို ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရဝမ်ဒါနိုင်ငံ အချိန်အကြာကြီး ငြင်းဆိုခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် အခုနှစ်ထဲမှာ ထောင်ပေါင်းများစွာသော လူတွေသေဆုံးခဲ့ပြီး ရာပေါင်းများစွာသော လူတွေအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ဒေသတွင်း စစ်ပွဲကြီးတပွဲ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေခဲ့ပါတယ်။
Source: Reuters


