Home
မြန်မာသတင်း
မြန်မာပြည်တွင်း ၄ မြို့နယ်ရှိ မဲရုံ ၅၀ ခန့်ကို စောင့်ကြည့်ခဲ့ဟု ထိုင်းသံရုံးပြော
DVB
·
December 31, 2025
Photo: MOFA

ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ  နိုင်ငံတဝန်း မြို့နယ် ၄ မြို့နယ်က မဲရုံပေါင်း ၅၀ လောက်ကို စောင့်ကြည့်လေ့လာခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နီကွန်ဒေ့ ဘလန်ကူရာက ပြောပါတယ်။

ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို ညွှန်ကြားထားတဲ့ မြို့နယ်တွေထဲမှာတော့ ရန်ကုန်၊ ပဲခူး၊ ပုသိမ်နဲ့ တာချီလိတ် မြို့နယ် ၄ ခု ပါဝင်တယ်လို့ သူက ဆိုပါတယ်။

“သူတို့ (သံရုံးအဖွဲ့) ဟာ မြန်မာ့ရွေးကောက်ပွဲရဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေ မှာလည်း အကဲခတ်သူတွေအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီရွေးကောက်ပွဲကို အလေးအနက်ထားပါတယ်။ နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးနဲ့ အပြန်အလှန် အကျိုးစီးပွား မြှင့်တင်ရေးကိစ္စတွေအပါအဝင် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင် လက်တွဲလုပ်ဆောင်သွားဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားပါတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ ၃ ပုံ တပုံ၊ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက ကျင်းပပေးမယ်လို့ အစောပိုင်းက ကတိပြုခဲ့ပေမဲ့ အကြမ်းဖက်မှုတွေ ဆက်လက်မြင့်တက်လာတာတွေကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်နေ့ ၆၃ မြို့နယ် ကျင်းပသွားမှာ ပါ။

ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနဲ့ ပါကစ္စတန် ၉ နိုင်ငံက စုစုပေါင်း လူဦးရေ ၆၀ ကျော် စောင့်ကြည့်လေ့လာခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲနေ့နဲ့ မတိုင်ခင်ရက်တွေမှာ နိုင်ငံတဝန်း မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲတာတွေ၊ ရှိခဲ့သလို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ နိုင်ငံတွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြတာတွေလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး အေးချမ်းတဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

အာဆီယံအနေနဲ့ကတော့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို စောင့်ကြည့်ဆန်းစစ်သွားမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကိုမဆို စောစီးစွာ တရားဝင်အသိအမှတ်ပြုခြင်းမျိုး မဖြစ်အောင် ရှောင်ရှားသွားမယ်လို့ ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013