Home
ဆောင်းပါး
အခြေအနေဆိုးနေဆဲ မန်ယူ
DVB
·
August 29, 2025
Photo: Reuters

ခုတော့ မန်ယူအခြေအနေက မြန်မာပြည်လိုပဲ ဆိုးရွားနေပြီလို့ ဆိုရတော့မယ်။

ညတုန်းက (ဩဂုတ် ၂၇) ယှဉ်ပြိုင်ကစားသွားတဲ့ အင်္ဂလိပ် လိဂ်ဖလားပွဲစဉ်မှာ မန်ယူဟာ စတုတ္ထတန်းအသင်းငယ်လေး “ဂရင်မ်စဘီတောင်း” (Grimsby Town) ကို အနိုင်မကစားနိုင်ဘဲ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက စောစောစီးစီး ထွက်သွားခဲ့ရတယ်။

ပွဲကစားချိန်အတွင်း အသင်းငယ်လေး ဂရင်မ်စဘီက မိနစ် ၃၀ အတွင်း ဦးဆောင်ဂိုး နှစ်ဂိုးသွင်းထားလို့ မန်ယူက နောက်က လိုက်ကစားနေခဲ့ရတယ်။ ဂရင်မ်စဘီတောင်း အသင်းလေးရဲ့ ဘလန်ဒယ်ပတ်ခ်ကွင်းမှာ (၂-၀) အရှုံးနဲ့ ဒုတိယပိုင်း ၇၅ မိနစ်အထိ ကစားခဲ့ရပြီး အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူး ဘူမိုရဲ့ ပထမချေပဂိုး၊ ၈၉ မိနစ်မှာ ဟယ်ရီမက်ဂွဲ (ခေါင်းကြီး) ရဲ့ ဒုတိယချေပဂိုးနဲ့ ပွဲအပြီး (၂-၂) သရေကျခဲ့တယ်။

တကျော့သာကစားရတဲ့ လိဂ်ဖလားစနစ်အရ ပင်နယ်တီအဆုံးအဖြတ် ကန်ကြရာမှာတော့ စံချိန်တင် ၁၁ ယောက်အတိ အပြန်အလှန်ကန်သွင်းကြပြီး (ပထမငါးလုံးအတွင်း ကူညာရဲ့သွင်းဂိုး မဝင်လို့ မန်ယူနစ်နာခဲ့ရသလို ၁၁ လုံးမြောက် ဘူမိုရဲ့ သွင်းဂိုး မဝင်လို့) ၁၂ လုံးမြောက်မှာ ဂရင်မ်စဘီတောင်းက ကန်သွင်းနိုင်ခဲ့လို့ နောက်တဆင့်ကို တက်သွားပြီး ပရီးမီးယားလိဂ် အသင်းကြီး မန်ယူ စောစောစီးစီး အိမ်ပြန်ခဲ့ရတယ်။

ဒီ အင်္ဂလိပ်လိဂ်ဖလားပြိုင်ပွဲကို “ကာရာဘောင်ဖလား” လို့လည်း ခေါ်တယ်။ ယိုးဒယား ကျွဲစိမ်း စွမ်းအားဖြည့်အချိုရည် ကုမ္ပဏီက စပွန်ဆာပေးထားလို့ ကာရာဘောင်းဖလားလို့ ခေါ်တာ။ အရင်တုန်းကတော့ ကားလင်းဖလား၊ ကက်ပီတယ်ဝမ်းဖလားလို့လည်း ခေါ်တယ်။

ဒီဖလားက အင်္ဂလိပ်လိဂ်ဘောလုံးလောကမှာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ပြီးရင် တတိယမြောက် ဖလားတခုဖြစ်ပြီး အရင်က တန်ဖိုးသိပ်မထားကြတဲ့ ဖလားတခုပါ။ ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်၊ လိဂ်(၁)၊ လိဂ်(၂) အစရှိတဲ့ အတန်းလေးတန်းက အသင်းပေါင်း ၉၂ သင်း ယှဉ်ပြိုင်ကြတဲ့အနက် အခု မန်ယူရှုံးသွားတဲ့အသင်းက စတုတ္ထတန်း လိဂ်(၂) က အသင်းငယ်လေး ဂရင်မ်စဘီတောင်း (Grimsby Town) ပါ။

မန်ယူဟာ နည်းပြ ရူဘင်အာမိုရင် လက်ထက် ပြီးခဲ့တဲ့အပတ်အထိ ၂၉ ပွဲကစားရာမှာ ၂၈ မှတ်ပဲ ရခဲ့လို့ ကစားတဲ့ပွဲထက် ရမှတ်က ပိုနည်းနေတယ်။ အာမိုရင်ရဲ့ နိုင်ပွဲရာခိုင်နှုန်းက ၂၄ ဒသမ ၁ ပဲ ရှိတယ်။ ညတုန်းက ကစားတဲ့ပွဲမှာ ဖူလ်ဟမ်ကို (၁-၁) သရေကျတဲ့ပွဲက ကစားသမား ၈ ယောက်အထိ အပြောင်းအလဲလုပ်ထားပြီး လိုက်ပ်ဇစ်က ပေါင် ၇၄ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဘင်ဂျမင်ရှက်စ်ကိုကို ပွဲထုတ်ထားတယ်။ ကာရာဘောင်းဖလားက အသင်းကြီးတွေအတွက် အရန်ကစားသမားတွေကို ပွဲထုတ်ကစားလေ့ရှိတဲ့ပြိုင်ပွဲ ဖြစ်ပေမဲ့ မန်ယူကတော့ တန်ဖိုးကြီး နိုင်ငံတကာလက်ရွေးစင်တွေ ထည့်ကစားခဲ့တာ တွေ့ရတယ်။  ဒီပွဲစဉ်မှာ ဖူလ်ဟမ်ပွဲတုန်းက မပါခဲ့တဲ့ ဂိုးသမား အိုနားနား ပါဝင်လာခဲ့ပြီး ဒုတိယဂိုးပေးလိုက်ရတာနဲ့ ပတ်သက်လို့ ဝေဖန်ခံနေရတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ အကြိမ် ၂၀ ဖြစ်ခဲ့ဖူးတဲ့ မန်ယူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အဆင့် ၁၅ နဲ့ ပွဲသိမ်းခဲ့ရပြီး (တန်းဆင်းခဲ့ရတဲ့) ၁၉၇၄ နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေမှာ ရပ်တည်ခဲ့တယ်။

မလေးရှားမှာ ရာသီကြို ခြေစမ်းပွဲအဖြစ် အာဆီယံညွန့်ပေါင်းအသင်းနဲ့ ကစားစဉ်တုန်းက မြန်မာကစားသမား မောင်မောင်လွင်ရဲ့ သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ယူဟာ အခု ပရီးမီးယားလိဂ်မှာလည်း ရာသီစကတည်းက နိုင်ပွဲမရရှိသေးဘူး။ နည်းပြ အာမိုရင် လက်ထက် အခုရာသီမှာ ကစားသမားအသစ်တွေ ခေါ်ယူဖြည့်တင်းထားပေမဲ့ အသင်းရဲ့ခြေစွမ်း သိသိသာသာ ပြောင်းလဲတိုးတက်လာတာ မတွေ့ရသေးဘူး။

“လုံးဝ ကျနော်တို့ ရှုံးခဲ့ပါတယ်။ ပြောစရာစကား မရှိပါဘူး” လို့ ပွဲအပြီးမှာ အာမိုရင်က ဘီဘီစီ အားကစားကို ပြောသွားခဲ့တယ်။

လာမယ့်အပတ် ပရီးမီးယားလိဂ်၊ အိုးလ်ထရက်ဖို့ကွင်းမှာ ဘန်လေနဲ့ ကစားတဲ့အခါ ရလဒ်မကောင်းဘူး ဆိုရင်တော့ နည်းပြ အာမိုရင်ရဲ့ အနာဂတ်လည်း သူ့ရှေ့က နည်းပြ တန်ဟက်လို ဖြစ်လာတော့မယ်လို့ ဆိုနေကြတယ်။

နည်းပြကြီး ဖာဂူဆန် ထွက်သွားပြီးကတည်းက မန်ယူဟာ ကျိန်စာသင့်သလိုဖြစ်နေပြီး အရင်လို မာကျောတောင့်တင်းတဲ့ အနေအထားမှာ မရှိတော့ဘူး။ ဖာဂူဆန်နောက်ပိုင်း မန်ယူကို ထိပ်တန်းနည်းပြတွေ ကိုင်တွယ်ခဲ့ကြပေမဲ့ ချန်ပီယံဖလားနဲ့ ဝေးကွာနေခဲ့ပြီး ခုဆိုရင် အသင်းကို ပြည်လည်တည်ဆောက်နေတဲ့ကြားက တိုးတက်မလာဘဲ နိုင်ပွဲတွေ ပျောက်ဆုံးနေတာ တွေ့မြင်နေရတယ်။

ဖာဂူဆန် ထွက်ခွာသွားပြီးတဲ့နောက် မန်ယူကို ဒေးဗစ်မိုယက်စ် ကိုင်တွယ်ပြီး တရာသီမကုန်ခင် ဖယ်ရှားခံရတယ်။ မိုယက်စ် ထွက်သွားတော့ ရိုင်ယန်ဂစ် ခဏကိုင်ပြီး နယ်သာလန်နည်းပြ ဗန်ဟားလ် ကိုင်တယ်။ ဗန်ဟားလ်လက်ထက်မှာ အက်ဖ်အေဖလားတလုံးရပြီး သူလည်း ၂၀၁၆ ဘောလုံးရာသီကုန်မှာ ထုတ်ပယ်ခံရတယ်။

ဗန်ဟား ထုတ်ခံရပြီး လေးရက်အကြာမှာ တခါက ပြိုင်ဘက်ဟောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုကို ခန့်အပ်ခံရတယ်။ မော်ရင်ဟိုလက်ထက်မှာ ဥရောပဖလားတွေ အခုရှုံးသွားတဲ့ လိဂ်ဖလားတွေ ရခဲ့ပြီး ထိုက်သင့်သလောက် အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ မော်ရင်ဟိုလည်း ရလဒ်မကောင်းလို့ ဖယ်ရှားခံရပြန်တယ်။

မော်ရင်ဟို အထုတ်ခံရပြီး ဆိုးလ်ရှား ခဏကိုင်တယ်။ ဆိုးလ်ရှားလက်ထက် ရလဒ်လေးတွေကောင်းတော့ အမြဲတမ်းခန့်တယ်။ ဒါလည်း ၂၀၂၁ ဘောလုံးရာသီမှာ အခြေအနေမကောင်းလို့ ဖယ်ရှားခံရပြီး ယာယီနည်းပြအဖြစ် ကာရစ် တာဝန်ယူတယ်။ ၂၀၂၂ မှာ ဂျာမန်နည်းပြ ရန်းနစ်ကို တာဝန်ပေးပြီး တရာသီကုန်တော့ တန်ဟက်ကို ခန့်ခဲ့တယ်။

မန်ယူက နည်းပြတွေ တယောက်ပြီးတယောက် ပြောင်းသလို ကမ္ဘာကျော် ထိပ်တန်းကစားသမားတွေကိုလည်း စျေးကြီးပေး ခေါ်ယူခဲ့ပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူကို ကစားသမားဟောင်း စီရော်နယ်ဒို ပြန်လာခဲ့ပေမဲ့ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒို အရင်လိုခြေမျိုး ပြန်မရတော့ဘူးဆိုပြီး ဝေဖန်ခံရတယ်။ နောက်တော့ နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ပြီး မန်ယူကနေ ထွက်သွားခဲ့တယ်။ ဆော်ဒီလိဂ်မှာ ပြောင်းကစားနေတာ ခုချိန်ထိပဲ။ တန်ဟက် လက်ထက်မှာလည်း မန်ယူက အခြေအနေဆိုးလာလို့ ပြီးခဲ့တဲ့နှစ်က ပေါ်တူဂီနိုင်ငံသား အာမိုရင်ကို ခန့်အပ်ခဲ့ကြပြန်တယ်။ မန်ယူဟာ နည်းပြအဆက်ဆက် ပြောင်းလဲခဲ့ပေမဲ့ ခုနောက်ပိုင်းမှာ အသင်းရလဒ်တွေ မကောင်းတော့သလို ကစားပုံလည်း တည်ငြိမ်မှု မရှိသေးဘူး။ အာမိုရင်လက်ထက် ပရီးမီးယားလိဂ် အဆင့် ၁၅ က အဆိုးဆုံး အနေအထားပါ။

စတုတ္ထတန်းအသင်း ဂရင်မ်စဘီတောင်းကို ရှုံးနိမ့်ပြီး အင်္ဂလိပ်လိဂ်ဖလားပြိုင်ပွဲ (ကာရာဘောင်းဖလား) က စောစောစီးစီး ထွက်ခွာခဲ့ရတာဟာ မန်ယူအတွက် သမိုင်းမှတ်တမ်းဆိုး တခုပဲ ဖြစ်တယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းကလည်း ရလဒ်တွေ ဆိုးရွားခဲ့တယ်။ ရလဒ်တွေဆိုးရွားလို့ နည်းပြတွေ တယောက်ပြီးတယောက် ပြောင်းခဲ့တယ်။ ဒီအထဲမှာ နာမည်ကျော် မော်ရင်ဟိုလည်း ပါတယ်။

မော်ရင်ဟိုလက်ထက် ပြိုင်ပွဲတခုမှာ မန်ယူက စပါးကို (၃-၀) နဲ့ ရှုံးနိမ့်ခဲ့တယ်။ ပြိုင်ပွဲအပြီး သတင်းထောက်တွေက မော်ရင်ဟိုကို မေးမြန်းကြတော့ မော်ရင်ဟိုက ခုလို ဖြေကြားခဲ့တယ်။ သတင်းထောက်တယောက်က “ခုအချိန်ဟာ မန်ယူအတွက် အခက်ခဲဆုံးအချိန်လား” လို့ မေးလိုက်တဲ့အခါ မော်ရင်ဟိုက “ အခက်အခဲဆုံးအချိန် ဟုတ်လား..၊ ကျနော်ထင်တယ်၊ ဒီပွဲမတိုင်မီ ခင်ဗျား သတင်းတွေကြည့်လိုက်ရင် အခက်ခဲဆုံးအချိန်ဟာ မြန်မာပြည်ပါ။ အခက်အခဲကြုံနေတာ မန်ယူမဟုတ်ပါဘူး” လို့ ဖြေသွားခဲ့တယ်။

မော်ရင်ဟို ဖြေကြားခဲ့ချိန်က ၂၀၁၈ ခုနှစ်ပါ။ မန်ယူဟာ ခုချိန်ထိ အခက်အခဲကာလနဲ့ (difficult times) ကြုံနေရတုန်းပါ။

CWM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013