Home
ဆောင်းပါး
စစ်ဘေး၊ ဖိနှိပ်မှုနှင့် သဘာဝဘေးတို့ ဆုံစည်းရာ မြန်မာပြည်
DVB
·
August 31, 2025

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရကိုလည်း ဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်အင်အားသုံးပြီး ဖိနှိပ်တဲ့နည်းလမ်းတွေနဲ့ အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့ပါတယ်။ လေးနှစ်ခွဲကျော် ကြာလာတဲ့အထိ ပြည်သူလူထုရဲ့ ခုခံတော်လှန်မှုတွေ ရှိနေပေမဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကတော့ သိသိသာသာ ပြောင်းလဲမှု မရှိသေးပါဘူး။

ခုခံတော်လှန်မှုတွေဟာ ပုံစံအမျိုးမျိုးနဲ့ပေါ်ထွက်ခဲ့ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ၊ (CDM) လို အကြမ်းမဖက်အာဏာဖီဆန်တဲ့ လုပ်ရပ်တွေကနေ ပိုပြီးပြင်းထန်တဲ့ နည်းလမ်းတွေအထိ ပါဝင်ခဲ့ပါတယ်။ ပြည်သူအများအပြားဟာ စစ်ကောင်စီကို ပြောက်ကျားပုံစံနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုမျိုးတွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီလို ကြိုးပမ်းမှုတွေကနေတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ PDF တွေဟာ အဓိကအားဖြင့် စစ်ပညာသင်ကြားထားခြင်းမရှိတဲ့ သာမန်အရပ်သားပြည်သူတွေနဲ့ ဖွဲ့စည်းထားကြပါတယ်။

တော်လှန်ရေးအဖွဲ့တွေဟာ စစ်စခန်းတွေကို တိုက်ခိုက်ရာမှာ အောင်မြင်မှုတချို့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးပမ်းအများစုဟာ ချုံခိုတိုက်ခိုက်မှုနဲ့ ပျောက်ကျားနည်းဗျူဟာတွေပဲ ဖြစ်နေပါတယ်။ စစ်ကောင်စီကို အပြတ်အသတ် အနိုင်ယူနိုင်ဖို့လုံလောက်တဲ့ အင်အားမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ကာလရှည်ကြာတည်ရှိနေတဲ့ လူမျိုးစုရေးရာနဲ့ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးရဲ့ ပုံစံဟာ ရှုပ်ထွေးနေပါတယ်။ နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး ရှိပါတယ်။ ဒါ့အပြင် မွတ်စလင်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဘေးဖယ်ထုတ်ခံထားရပါတယ်။ အထူးသဖြင့် “၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ” အရ နိုင်ငံသားအဖြစ်ကနေ ချန်လှပ်ခံရပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဒီလိုကွဲပြားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ သူတို့ရဲ့နေရပ်ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) အများအပြားဟာ တိုင်းပြည်ရဲ့ နယ်စွန်နယ်ဖျားဒေသတွေမှာ ရုန်းကန်တိုက်ပွဲ၀င်ခဲ့ကြပါတယ်။

ဒါပေမဲ့ လက်ရှိပြည်တွင်းစစ်မှာတော့ ဒီအဖွဲ့တွေဟာ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ရာမှာ တညီတညွတ်တည်းဖြစ်တဲ့ မဟာဗျူဟာ ဒါမှမဟုတ် ဘုံရည်မှန်းချက် မရှိကြပါဘူး။ တခါတရံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးတွဲစစ်ဆင်ရေးတချို့ ရှိပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုမျိုးမရှိကြပါဘူး။ သူတို့ဒေသအလိုက်သာ ကွက်ကွက်ကလေး လှုပ်ရှားနေကြတာပါ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့လို အဖွဲ့တချို့ကတော့ စစ်ကောင်စီကို တက်တက်ကြွကြွ တိုက်ခိုက်နေကြပါတယ်။

တခြားသောတိုင်းရင်းသားအဖွဲ့တွေကတော့ ဘက်မလိုက်မူဝါဒကို ကျင့်သုံးပြီး ကြားနေဖို့ ရွေးချယ်ခဲ့ကြပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေနဲ့ ခပ်၀ေး၀ေးမှာနေပြီး၊ တချို့ကိစ္စတွေမှာတော့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေနဲ့ အကန့်အသတ်ပဲ ပူးပေါင်းဆောင်ရွက်ကြပါတယ်။

ဒါ့ကြောင့် တိုင်းရင်းသားလူနည်းစုအဖွဲ့အားလုံး ပါဝင်တဲ့ ပူးပေါင်းကွပ်ကဲမှုစနစ်တခု မရရှိသေးပါဘူး။ ဒီလိုစနစ်တခုရှိမှသာ စစ်ကောင်စီကို ပိုပြီးစနစ်တကျနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူ့ခုခံတော်လှန်မှုတစုံလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ဒီအဖွဲ့တွေကြားက မဟာဗျူဟာ ကွဲပြားမှုတွေနဲ့ မတူညီတဲ့ အမြင်တွေဟာ စစ်အုပ်ချုပ်ရေးကို စိန်ခေါ်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်စေခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံရေးသမားတွေနဲ့ အရပ်သားပြည်သူတွေကို ကင်းလွတ်ခွင့်ရနေသူသဖွယ် အပြင်းအထန် ဖိနှိပ်ခဲ့ပါတယ်။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အလုံးအရင်းနဲ့ ထိုးစစ်ဆင်တာ၊ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှု၊ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အထူးသဖြင့် ကျေးလက်ဒေသတွေမှာ သိန်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုရော အရပ်သားတွေအပေါ်မှာပါ စစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့ ရက်စက်မှုတွေဟာ အမြဲလိုလို မြင့်မားနေခဲ့ပါတယ်။ ဆိုခဲ့သလို စစ်ရေးအရ ဖိနှိပ်တာတွေအပြင် စစ်ကောင်စီဟာ သူ့ရဲ့ အာဏာကို ခိုင်မာလာအောင် အဖွဲ့အစည်းဆိုင်ရာ ပုံသဏ္ဍာန်တွေကို စနစ်တကျ ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ အစိုးရက အတိုက်အခံ ဒါမှမဟုတ် အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ ဒါမှမဟုတ် ထောက်ပံ့တာတွေကို တားမြစ်ထားပါတယ်။ အလားတူ အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ စစ်ကောင်စီက တရားမဝင်ကြောင်း ဒါမှမဟုတ် အကြမ်းဖက်သမားဖြစ်ကြောင်း သတ်မှတ်လိုက်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို အရည်အချင်းမ ပြည့်မီအောင် လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကတော့ မရှင်းမလင်းဖြစ်နေပြီး စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ လုံး၀ မူတည်နေပါတယ်။

ဒီလိုဥပဒေမူဘောင်တွေဟာ ဥပဒေနဲ့အညီ အုပ်ချုပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဖိနှိပ်မှုတွေကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးနေပါတယ်။ တရားဝင်အဖွဲ့အစည်းတွေကို သူတို့အကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲခြင်းအားဖြင့် စစ်ကောင်စီဟာ သူ့ရဲ့အာဏာကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုလည်း တရားဥပဒေစိုးမိုးရေးလို့ ခေါင်းစဥ်တပ်ပြီး လိုအပ်ရင်လိုအပ်သလို တလွဲအသုံးချခဲ့ပါတယ်။ စစ်ကောင်စီဟာ တရားဝင်ယန္တရားတွေကိုရော စနစ်တကျ အကြမ်းဖက်မှုတွေကိုပါ အသုံးပြုပြီး သူ့ရဲ့အုပ်ချုပ်မှုကို ခိုင်မာသထက် ခိုင်မာအောင် လုပ်ဆောင်နေကြောင်းတွေ့ရှိရပါတယ်။

အခြားတဖက်မှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်မှုဟာ တကယ်ပဲ ခိုင်မာအားကောင်းနေသလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး MNDAA၊ TNLA နဲ့ AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" နောက်ပိုင်းမှာ စစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ စစ်ဆင်ရေးနယ်ပယ်တွေဟာ သိသိသာသာ အားနည်းလာခဲ့ပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်ပြီး စစ်ကောင်စီရဲ့ စခန်းတွေကို ချေမှုန်းခဲ့ပါတယ်။ ဒေသအသီးသီးက မြို့တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်အခြေစိုက် ချင်းညီနောင်အဖွဲ့ဟာလည်း နိုဝင်ဘာလကတည်းက ထိုးစစ်တွေဆင်နွှဲကာ ချင်းပြည်နယ်က အဓိကမြို့နယ်တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အုပ်ချုပ်နေတဲ့ ဒေသတချို့မှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုနဲ့ဩဇာဟာ ကျဆင်းလာခဲ့ပါတယ်။

ဒီနှစ် မတ်လမှာပဲ မြန်မာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီးတခု လှုပ်ခတ်ခဲ့ပါတယ်။ ဒီသဘာဝဘေးအန္တရာယ်ဟာ အရပ်သားပြည်သူအများအပြား ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ နေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ အများကြီး ထိခိုက်ပျက်စီးခဲ့ပါတယ်။ သတင်းတွေအရ သေဆုံးသူ ၃,၀၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၄,၅၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ငလျင်လှုပ်ပြီးနောက်မှာ စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံပိုင်မီဒီယာတွေကနေတဆင့် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ဖို့နဲ့ အဆင်ပြေချောမွေ့စေဖို့ဆိုကာ နိုင်ငံတကာအသိုက်အဝန်း ဆီကနေ လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ရှားရှားပါးပါး တောင်းခံခဲ့ပါတယ်။

ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲရေးဟာ အမည်ခံသက်သက်ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိရောက်ဖို့ အထောက်အကူ မဖြစ်စေခဲ့ပါဘူး။ ယာယီအပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ တဖက်မှာတော့ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေခဲ့ ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအရာရှိတွေရဲ့ ပိတ်ဆို့မှု၊ ခြိမ်းခြောက်မှုတွေကြောင့် အကူအညီတွေကို အချိန်မီမီနဲ့ ထိထိရောက်ရောက် ပေးပို့နိုင်ဖို့ အဟန့်အတားဖြစ်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်း စစ်ကောင်စီဟာ အရပ်သားတွေအပေါ် သေစေနိုင်တဲ့ တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ငလျင်ဘေးသင့် ဒေသတွေကိုလည်း ၀င်ရောက်ခွင့် ကန့်သတ်ခဲ့ပါတယ်။ ဒါ့ကြောင့် သဘာဝဘေးရဲ့ ဆိုးကျိုးတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှုတွေကြောင့် ရရှိလာတဲ့ အခက်အခဲတွေကို ပိုပြီး ဆိုးရွားစေခဲ့ပါတယ်။

ဒီလိုခက်ခဲတဲ့အခြေအနေတွေအောက်မှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံတကာ အကူအညီတွေဟာ အတားအဆီးပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ အကူအညီပေးရေး လမ်းကြောင်းတွေကိုသာ အားကိုးမနေဘဲ ပိုပြီးလက်တွေ့ကျတဲ့ ထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်သင့်ပါတယ်။

နှစ်နိုင်ငံအကြား၊ နိုင်ငံပေါင်းစုံ ဖွံ့ဖြိုးရေးအေဂျင်စီတွေဟာ သူတို့ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို ပြန်လည်စဉ်းစားဖို့ လိုအပ်လာနိုင်ပါတယ်။ မြေပြင်မှာ အချိန်နဲ့တပြေးညီ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်တဲ့ အစိုးရမဟုတ်တဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပိုပြီး တက်တက်ကြွကြွ ချိတ်ဆက်ဆောင်ရွက်သင့်ပါတယ်။

စိုးဟီးခွပ် 

(အင်ဒိုနီးရှားနိုင်ငံထုတ် The Jakarta Post သတင်းစာတွင် ဆောင်းပါးရှင် Seohee Kwak ရေးသားထားသည့် “War, repression and disaster collide in Myanmar” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ ဤဆောင်းပါးကို ရေးသားသူသည် နယ်သာလန်နိုင်ငံ၊ Leiden University ၏ လူမှုရေးနှင့် အပြုအမူဆိုင်ရာ သိပ္ပံဌာနမှ ကထိကတဦး ဖြစ်ပါသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024