Home
ဆောင်းပါး
မဲပေးချိန်ပြောတဲ့ စစ်ခေါင်းဆောင်ရဲ့ ကမ္ဘာကျော်မုသား 
DVB
·
December 31, 2025

အာဏာရှင်သည်

အာဏာတည်ရေး

မဲပေးသွားချိန်

မုသားစကားပြောခဲ့သည်။ ။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ပထမအကြိမ် ရွေးကောက်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အနော်ရထာရပ်ကွက် မဲရုံ ၁ မှာ မဲသွားပေးချိန် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အခုလို ပြောခဲ့ပါတယ်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အာမခံတယ်။ တပ်မတော်ကလုပ်တာမို့ နာမည်ပျက်မခံဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ်။ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာ။ ကျနော်က စစ်ရတဲ့သူမို့ ဒါကိုသိတယ်။ တကယ်ပါ။”

တကယ်ပါ၊ ယုံပါလို့ ပြောခဲ့တဲ့ သူ့ပြောစကား မမှန်ဘူးဆိုတာ မြန်မာတနိုင်ငံလုံး သိတယ်။ တကမ္ဘာလုံးလည်း သိတယ်။

ရွေးကောက်ပွဲရှုံး

ကြံ့ဖွတ်ရှုံးချိန်

ရှုံးမဲ မဲတာ

စစ်တပ်ပါ

မကြာ အာဏာသိမ်းတော့သည်။ ။

၂၀၂၀ နိုဝင်ဘာလ ၈ ရက်တုန်းက ရွေးကောက်ပွဲလုပ်ခဲ့တယ်။ တပြည်လုံးက ပြည်သူအားလုံးက တက်တက်ကြွကြွ မနက်အစောကြီးထကြ။ စည်စည်ကားကား အုတ်အုတ်ကျက်ကျက် တခဲနက်ပါပဲ။ လက်နက်ကိုင်စစ်သား အစောင့်ကြပ်တွေဆို မတွေ့ရသလောက်ပါပဲ။ သန့်သန့်ရှင်းရှင်းနဲ့ NLD က နိုင်သွားတာပါ။ အပြတ်အသတ်ပါ။ ပွတ်ကာသီကာ မဟုတ်ပါဘူး။ ကြံ့ဖွတ်က မဲရှုံးတာကို ကြံ့ဖွတ်က ဘာမှမပြောပါဘူး။ စစ်တပ်က မဆီမဆိုင် သူလည်းဝင်ရွေးတာ မဟုတ်ပါပဲနဲ့ စစ်တပ်က နိုင်ငံရေးပါတီလည်း မဟုတ်ပဲနဲ့ “မဲစာရင်းတွေ မှားကြောင်း” ကန့်ကွက်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းသွားခဲ့တယ်။

ပြည့်တန်ဆာက အမျိုးကောင်းသမီးကို အပျက်မ လို့ ပြောသလို

မိန်းမကောင်းတဦးတယောက်ကို ပြည့်တန်ဆာက သိက္ခာမရှိသူလို့ ပြောသလိုပါပဲ။ ပြည်သူလူထုက တခဲနက် “အသည်းကြားက မဲတပြား” သန့်သန့်ရှင်းရှင်း မဲပေးပြီး NLD နိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုတော့ (နာမည်ပျက်) တယ်လို့ ပြောပြီး လူထုရွေးထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီး ဦးဝင်းမြင့် စသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော်ကို ဖမ်းထားပြီးမှ ပြုလုပ်ခဲ့တဲ့ အခု ရွေးကောက်ပွဲကိုတော့ (ကောင်းတယ်) လို့ ပြောနေတာဟာ မမှန်ပါဘူး။ All Absurd . . . မဟုတ်တမ်းတရားတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသလိုပါပဲ။ စကား လိမ်ညာ မုသား မဲပေးသွားချိန်ကြီးမှာ စစ်ခေါင်းဆောင်က ဘီဘီစီ သတင်းဌာနကြီးကို ပြောကြားခဲ့တာပါ။ ပြောရဲပေစွ။ ဪ မလုပ်ရဲတာ မရှိသူကိုး။ မပြောရဲပဲလည်း ဘယ်ရှိပါ့မလဲ။

လိမ်ညာ မုသားပြောခြင်း၏ ပြစ်ဒဏ်

မုသားဝါဒ ပါဠိစကားဟာ လိမ်ညာခြင်းပါ။ အမှန်မဟုတ်တာကို ပြောဆိုမှု၊ အမှန်ကို အမှားဖြစ်အောင် ပြောဆိုမှု၊ အမှားကို အမှန်ဖြစ်အောင် ပြောတာ၊ နားထောင်သူ အမှားသိရှိ နားလည်သွားအောင် ပြောဆိုတာတွေပါ။ မုသားဝါဒဟာ အများအားဖြင့် ဝစီကံ (ပါးစပ်နဲ့ ပြောဆိုမှု) ဖြစ်လေ့ရှိတာမို့ ဝစီကံ ဆိုပြီး ထည့်ထားပေမဲ့ ကိုယ်မှု၊ နှုတ်မှု နှစ်မျိုးစလုံးနဲ့ သက်ဆိုင်တာပါ။ မဟုတ်မမှန်ပြောတာ၊ မဟုတ်မမှန် ပြောလိုစိတ်ရှိတာ၊ ပြောလည်း ပြောတာ၊ လိမ်လည်တဲ့အတိုင်း တပါးသူက ယုံကြည်သွားတာ စတဲ့ အင်္ဂါလေးရပ် ညီပါလျှင် မုသားဝါဒကံ ကျူးလွန်မှု မြောက်ပါတယ်။

သုတ္တန်ပိဋကတ် - ခုဒ္ဒကနိကာယ် - ဣတိဝုတ်- မုသာဝါဒသုတ်မှာ “မုသားဝါဒဟာ အပြစ်အကြီးဆုံး ဖြစ်တယ်။ မုသာဝါဒကံ မလုံခြုံသူဟာ ဘယ်ပြစ်မှုမဆို လွန်ကျူးမည်ဖြစ်တယ်” လို့ ဆိုထားပါတယ်။

ကမ္ဘာဦးအခါက စေတိယမင်းဟာ သူငယ်ချင်းအကျိုးအတွက် မုသားဝါဒ ပြောပေးခဲ့လို့ မြေမျိုတာခံခဲ့ရပြီး အဝီစိငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံခဲ့ရပါတယ်။ (ဇာ-ဋ္ဌ၊ ၃- ၄၃၆)

စိဥ္စမာဏမိန်းမဟာ သူ့ဆရာ တိတ္ထိများက ခိုင်းလို့ “သူ့ကိုယ်ဝန်ဟာ ဗုဒ္ဓဘုရားနဲ့ရတာပါ” လို့ လိမ်ညာပြောခဲ့လို့ မြေမျိုခံရပြီး အဝီစိငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံနေရပါတယ်။ (ဓမ္မပဒ၊ ဋ္ဌ- ၂၊ ၁၁၇-၁၁၈) စသည်ဖြင့် မုသားဝါဒအပြစ်တွေကို တရားဒေသနာတို့မှာ အများအပြား တွေ့နိုင်ပါတယ်။

မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုတဲ့အတိုင်း မုသာဝါဒ မလုံခြုံသူဟာ သစ္စာလည်း မရှိ၊ ကတိလည်း တည်နိုင်မှာမဟုတ်ပါ။ မှတ်ချက်။ ။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ စစ်တန်းလျားကို ပြန်မယ်လို့ ပြောခဲ့ပေမဲ့ ကတိမတည် စကားသစ္စာမဲ့ခဲ့လို့ လက်ရှိဘဝမှာပဲ ခံစားသွားရပုံပါ။ သံသရာမှာလည်း ကောင်းစရာမရှိပါ။ အလားတူ တပ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ မဲနိုင်ပါတီကို ခွင့်ပြုမယ်လို့ ပြောခဲ့ပါတယ်။ အခုကျတော့လည်း သစ္စာစကား မတည်ငြားဘဲ မုသားပြောပြန်ပြီ။ ဒါဟာ နောင်တော်ကြီး ဦးစောမောင်နည်းတူ အခုဘဝလည်း မကောင်းနိုင်သလို သံသရာမှာလည်း ကောင်းစရာ မမြင်ပါ။ ကတိ၊ သစ္စာတည်ရင် နွယ်၊ မြက်၊ သစ်ပင်တွေတောင် အလိုအလျောက် ဆေးဖက်ဝင်ပါသတဲ့။ “အမှန်ပြော သစ္စာစကားကြောင့် တောမီးကို ငြိမ်းစေတယ်။ ရေစုန်ကို ဆန်စေတယ်။ မိုးကို ရွာစေတယ်။ မီးမဖွားနိုင်လို့ သေလုမြောပါး ဖြစ်နေတာကို အလွယ် မီးဖွားစေနိုင်တယ်။ အမှန်ပြောဆိုတာက သစ္စာပါရမီဖြစ်တယ်” စသဖြင့် မုသားဝါဒ ရှောင်ကြဉ်မှု သီလဟာ မဆုံးနိုင်တဲ့ ကောင်းကျိုးကို ရရှိစေနိုင်တယ်။ အကုသိုလ်အလုပ်မှာ မုသားဝါဒဟာ အပြစ်အကြီးဆုံးဖြစ်သလို ကုသိုလ်အလုပ်မှာ သစ္စာစကားဟာ အမြင့်မြတ်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် “အကုသိုလ်မှာ၊ မုသာဝါဒါ၊ ကုသိုလ်မှာကား၊ သစ္စဝါစာ၊ လေးဆုံ့သာတည်း” လို့ “မဃဒေဝ” မှာ ဆိုထားတယ်။

ကောင်းကျိုးမပြုတဲ့ ပေါင်းပင်၊ မြက်ပင် ချုံနွယ်တို့ကို ငယ်နုစဉ်ကတည်းက နုတ်ပစ်ရမယ်။ ကြီးလာမှ ရှင်းရတော့ ပိုခက်မယ်။ အလားတူ မကောင်းတဲ့ အကျင့်ဆိုးတွေကို ငယ်ကတည်းက ပယ်ဖျောက်ပစ်ဖို့ အရေးကြီးတယ်။ ကိုယ့်ရဲ့ သားသမီး၊ တပည့်တပန်း ကလေးငယ်တွေကို မလိမ်တတ်အောင် သင်ပေးထားရမယ်။ အကြောင်းအကျိုးပြ ဆုံးမပဲ့ပြင်ဖို့ လူကြီးတွေမှာ တာဝန်ရှိတယ်။ မင်းအောင်လှိုင်တို့လို စစ်တပ်ထိပ်သီး ခေါင်းဆောင်တွေကိုဆိုရင် သံဃာတော် ဆရာတော်ကြီးတွေက တရားပြ ဟောပြော ဆုံးမ ပြုပြင်ပေးသင့်ပါတယ်။ ပြုပြင်ပေးတာ မရှိရင်တော့ လိမ်လည် မုသားပြောရတာကိုတောင် ထမင်းစား ရေသောက် ဖြစ်ပြီး အကျင့်ပါသွားပါလိမ့်မယ်။

အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ် (မ-၂၊ ၇၈) မှာ “ချစ်သား ရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင် မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲတဲ့ အကုသိုလ် ဆိုတာမရှိ၊ မှောက်ထားတဲ့ ရေခွက်မှာ ရေတစက်မှ မကျန်၊ ဘာမျှမရှိတော့သလို လိမ်ဝံ့သူဟာလည်း အရည်အချင်းကောင်းဆိုတာ ဘာမျှမရှိနိုင်တော့” လို့ ဆိုထားတဲ့အတိုင်း မုသားဝါဒမှ မလုံခြုံသူဟာ ဘယ်လို ပြစ်မှုမျိုးကိုမဆို အလွယ်တကူ ကျူးလွန်မှာသာ ဖြစ်ပါတယ်။

မုသားဝါဒကံ အဖန်ဖန် အခါခါ ချိုးဖောက်တယ်

အာဏာသိမ်းတာ မဟုတ်ပါဘူး။ အာဏာထိန်းတာပါတဲ့။ ကပ်ပြီးညာချွဲတယ်။

စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲတာ မဟုတ်ဘူး။ စာသင်ကျောင်းထဲမှာ ဗုံးတွေလုပ်နေလို့ သူ့ဘာသူ ကွဲတာတဲ့။

ဝင်းနိမ္မိတာရုံ ပဲခူးဆရာတော်ဘုရားကြီးကို စစ်တပ်က ပစ်သတ်တာ မဟုတ်ဘူး။ PDF တွေက ပစ်သွားလို့ ပျံလွန်တော်မူခဲ့တာပါတဲ့။ ကားဒရိုင်ဘာကိုတောင် ရုပ်သံရိုက်ပြီး လိမ်ခိုင်းလိုက်သေးတယ်။ ကားသမားကလည်း သေနတ်ထောက် ပြောခိုင်းတာမို့ (ရင်ဝထောက်ထား၊ လှံစွပ်များကြောင့်၊ မရှိဟင်းလျာ၊ ဆန်ကိုရှာ၍ ချက်ရသည်။) ဆိုသလိုပေါ့။ ဖက်ဆစ်တပ်တွေ ပြောခိုင်းတဲ့အတိုင်း မုသာဝါဒါ ပြောပေးရှာရသပေါ့။ တော်သေးတာပေါ့။ နောက်တနေ့မှာ ကားပေါ်ပါသွားခဲ့တဲ့ “ကန်သုံးဆင့်ဆရာတော်ကြီး” က မင်းတို့စစ်တပ်ကပဲ ပစ်လို့ ဝင်းနိမ္မတာရုံ ဆရာတော်ကြီး ပျံလွန်ရတာလို့ သံဃာတွေကို မိန့်ဆိုမှပဲ အမှန်ပေါ်တော့တာပါ။ သူတို့ အာဏာသိမ်းစစ်တပ်ရဲ့ မုသားဝါဒကံ အဖန်ဖန် အခါခါ ချိုးဖောက်တဲ့အကြောင်းတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါ။

သမ္မတ လုပ်ချင်တာကို သမ္မတ မလုပ်ချင်သလို ပြောခြင်း

၂၈ ဒီဇင်ဘာ ၂၀၂၅ မဲထည့်အပြီးမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတလုပ်ဖို့ အစီအစဉ် ရှိမရှိ သတင်းထောက်ကမေးတော့ ဒီလိုဖြေတယ်။

“ကျနော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း ကျနော်က ဘာလုပ်ချင်ပါတယ်၊ ပြုချင်ပါတယ် သွားပြောလို့ မရဘူး။ နိုင်ငံရေးပါတီ ခေါင်းဆောင်လည်း မဟုတ်ဘူး။ အဲဒါကတော့ ဟို ပြီးတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီးတော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ သူက ပရော့ဆက်တွေ ရှိပါတယ်။ အဲ့ကျမှ သူတို့က လုပ်ပါလိမ့်မယ်။ အဲ့ကျမှ ကျနော်တို့ ပြောဖို့ သင့်မယ်လို့ ယူဆပါတယ်။”

သတင်းထောက်ရဲ့ အမေးကို အာဏာသိမ်း စစ်ခေါင်းဆောင်က ဖြေသွားခဲ့တာပါ။ တကယ်ဆိုရင် သမ္မတ ဖြစ်ချင်လို့ပဲ လိမ်လည် မုသားတွေ ကျူးလွန်နေရတာပါ။ ဒီလိုပြောတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် အစောပိုင်းက သမ္မတ ဖြစ်ချင်လားဆို မေးခွန်းကို ပြန်ဖြေသွားခဲ့တာ သတိရမိပါတယ်။ အမေစုကတော့ အခု ကာချုပ်ကြီး ဖြေသလိုမျိုး ဝေ့လည်ကြောင်ပတ် မဖြေဘူး။ အမေစု တဲ့တိုး ဖြေခဲ့တာက . . .

“သတင်းထောက်ကြီး မေးသလို သမ္မတ ဖြစ်ချင်လား ဆိုတာကို တချို့က ဖြေလေ့ရှိတာက ကျနော်ကတော့ မလုပ်ချင်ပါဘူး။ အများက သင့်တော်လို့ တာဝန်ပေးရင်တော့ လုပ်ရမှာပါဆိုပြီး ဖြေလေ့ရှိကြပါတယ်။ ကျမကတော့ ဒီတာဝန်ရမှ နိုင်ငံအတွက် ဦးဆောင်လုပ်ခွင့်ရမှာမို့ သမ္မတ ဖြစ်ချင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်ရင်လည်း သမ္မတအထက်က နေပါမယ်လို့ ပြောလိုပါတယ်။”

ဒေါ်စုရဲ့စကားဟာ စစ်အာဏာသိမ်း ခေါင်းဆောင်က အခုလိုမျိုး ဖြေမှာကို ကြိုတင် နိမိတ်ဖတ် ပြောထားခဲ့သလိုပါပဲ။

စကားသစ္စာ မှန်သောခါ- ပါရမီတော်ခန်းပျို့

ဝသုန္ဓရေ၊ ဤမြေသော်လည်း

စောင့်စည်းမုသား၊ ကျင့်သောအားဖြင့်

စကားသစ္စာ၊ မှန်သောခါကား

ဩဇာလေးနက်၊ ပေါ်ဆီတက်၍

နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏။ ။

သမ္မတအထက်မှာ နေမယ်လို့ ရှင်းရှင်း ဘွင်းဘွင်း သတင်းထောက်ကို ဖြေဆိုခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရ လက်ထက် မြန်မာပြည်မှာ အေးချမ်း သာယာ စိတ်ချမ်းသာခဲ့ကြရပါတယ်။ စကားများ မုသားမပါ သစ္စာရှိခဲ့ကြသောကြောင့်ပါ။ အခု အာဏာသိမ်း စစ်ခေါင်းဆောင်လက်ထက်မှာ ကတိမတည် စကားမုသားတွေကြောင့် အဆိုးသံသရာ လည်နေကြပါတယ်။ ဘာကြောင့်ပါလဲ။ အားလုံး သိရှိ နားလည်ကြပြီးသားပါ။

အကြင်သောခါ၊ ဤသစ္စာကို

အရာချွတ်လွဲ၊ မသုံးစွဲသည့်

စဉ်းလဲစကား၊ မှားလတ်တုံအံ့

မြေခုံစည်းတန်း၊ မုသားထွန်းသား

တကျွန်းတရံ၊ တနိုင်ငံ၌

အသံမုသား၊ ပြတ်စကားကို

မကြားခလို၊ အောင်လိမ့်ဆိုသို့

ပေါ်စိုရသာ၊ မြေဩဇာလျက်

တထွာ တတောင်၊ လက်ခုပ်ဘောင်လျှင်

နက်ချောင်ငုပ်နစ်၊ အောက်လျှိုးဖြစ်၍

ခါးချစ်ဆေးဝါး၊ လူတို့စားလည်း

နာဖျားမလွတ်၊ ဥပဒ္ဒဝေါ

ဘေးဘျမ်းပြော၏။

သဘောတရား

စကားသစ္စာ၊ မှန်သောခါနှင့်

ယွင်းရာမမှား၊ ဤနှစ်ပါးကို

နှုန်းထားတွေဘော်၊ ရှာတုံသော်လည်း

အကျော်သစ္စာ၊ စကားသာလျှင်

ပြည်ရွာရပ်သား၊ လူ့စီးပွားကို

အမြားအမြောင်၊ ကြီးကျယ်ဆောင်သည်

ကျန်အောင်မြေနှင့် တရှိတည်း။ ။ (ပိုဒ်-၁၂၃)

ရှင်မဟာသီလဝံသ

မုသားပျောက်ရေး ဝိုင်းဝန်းပေးမှ ငြိမ်းချမ်းမည်

ငြိမ်းချမ်းရေး ရရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၁ ခုနှစ်ကတည်းက ပြောနေပါတယ်။ ငါးနှစ်ကြာပြီ။ မျှော်လေတိုင်းဝေး ငြိမ်းချမ်းရေး။ ရှင်မဟာသီလဝံသရဲ့ ပျို့ကဗျာထဲကလို စကားသစ္စာ မှန်မှ တည်မှ ငြိမ်းချမ်းပါမယ်။ မုသားစကားတွေဟာ ငြိမ်းချမ်းဖို့ မရှိပါ။ ၅ နှစ်ကြာမှာ စစ်မီးဟုန်းဟုန်း တောက်နေပြီ။ မုဆိုးမကြီးလို့ ဒေါ်အောင်ဆန်းစုကြည်ကို လှောင်ခဲ့တဲ့ စစ်တပ်ကြီးမှာ နေ့စဉ် မုဆိုးမတွေ ဆယ်ချီ ရာချီ တိုးပွားနေပြီ။ ဓမ္မကထိက ဆရာတော်တွေကအစ သာသနာပိုင် နိုင်ငံတော် ထိပ်သီး ဆရာတော်ကြီးတွေအထိ ဆရာတော်ကြီးတွေဟာ မုသားဝါဒ မထွန်းကားရေးကို ဟောပြဆုံးမပေးဖို့ လိုနေပါပြီ။ ၂၀၂၅ ဒီဇင်ဘာ ၂၈ မနက် နေပြည်တော်မှာ ဆန္ဒမဲပေးချိန် ပြောလိုက်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံကျော် မုသားစကားကို ဘာသာစုံ အသီးသီးက ခေါင်းဆောင်ကြီးတွေက အမှန်ရောက်အောင် လမ်းတည့်ပေးနိုင်ကြပါစေ။ ။

မောင်တူး

ကိုးကား

၁။ ၂၈၁၂၂၀၂၅ ဘီဘီစီ သတင်း

၂။ ဇူလိုင် ၂၄ ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

၃။ ပါရမီတော်ခန်းပျို့

၄။ ဒီဗွီဘီ သတင်းများ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013