
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီနဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက အမတ်တွေ ရှုံးနိမ့်ခဲ့ကြတယ်လို့ ပါတီတာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ အပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် အများစုမှာ ဝင်ပြိုင်ခဲ့ကြတဲ့ ပြည်ထောင်စုအဆင့် ပါတီတွေဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်သူ့ပါတီတို့ဟာ လက်ရှိပြီးစီးသွားတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ပါတီက တနင်္သာရီတိုင်း၊ မြိတ်မဲဆန္ဒနယ်က ဝင်ပြိုင်တဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းတယောက် အနိုင်ရခဲ့ပေမဲ့ လက်ရှိမှာ အငြင်းပွားနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီကတော့ တနိုင်ငံလုံးမှာ မဲဆန္ဒနယ် တနေရာမှ အနိုင်မရဘူးလို့ ပါတီ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက မီဒီယာတွေကို ဖြေထားပါတယ်။
ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ DVB က ဒေါ်သက်သက်ခိုင်ထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ လက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဝင်ပြိုင်ခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီက အမတ်လောင်းတွေဟာလည်း ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်သွားတယ်လို့ သတင်းမီဒီယာတွေကို ဖြေကြားထားတာ တွေ့ရပါတယ်။
စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်က ဝင်ပြိုင်တဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပြင် ဇနီးဖြစ်သူနဲ့ သားဖြစ်သူလည်း ကြံ့ခိုင်ရေးအမတ်တွေကို ရှုံးနိမ့်ခဲ့တယ်လို့ ပြည်နယ်အခြေစိုက် မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်က နိုင်ငံတဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ဆက်လက်ကျင်းပဖို့ ရှိနေသလို ရွေးကောက်ပွဲ အပိုင်း ၃ ကိုလည်း ဇန်နဝါရီ ၂၅ ရက်နေ့ မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအဆင့် ဝင်ပြိုင်တဲ့ ပါတီ ၅၁ ပါတီ ရှိခဲ့ပါတယ်။
မဲဆန္ဒနယ်အများစုမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေသာ အနိုင်ရပြီး တခြားပါတီတွေနဲ့ တသီးပုဂ္ဂလ အနေနဲ့ ပြိုင်ခဲ့ကြသူတွေထဲက အနိုင်ရသူ အရေအတွက်ဟာ ဆယ်ဂဏန်းအောက်မှာသာ ရှိနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


