
အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ ဆက်လက် မကျင်းပနိုင်အောင် ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့နဲ့ ချက်ချင်း ယတိပြတ်ငြင်းပယ်ကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန် တောင်းဆိုပါတယ်။
မြန်မာစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ‘ပထမပိုင်း’ ကို ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပြီး ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ နိုင်ငံတကာရဲ့ အာရုံလွဲသွားစေဖို့နဲ့ အမှန်တရားဝေဝါးသွားကာ အသည်းအသန်လိုအပ်နေတဲ့ တရားဝင်မှု ပေးလာစေဖို့ မျက်နှာပြောင်တိုက် ကြိုးပမ်းတဲ့ လုပ်ရပ်တခုသာဖြစ်တယ်လို့ အကြံပေးကောင်စီက ပြောပါတယ်။
ဒါပေမဲ့ စစ်အုပ်စုက နေရာအနှံ့ အကြောက်တရားသွင်းကာ ခြိမ်းခြောက်နေတဲ့ကြားက ပြည်သူအများအပြား မဲမပေးဘဲ သပိတ်မှောက်ခဲ့ကြလို့ မဲပေးသူအရေအတွက် ချွတ်ခြုံကျလောက်အောင် နည်းပါးခဲ့ပြီး စစ်အုပ်စုအတွက် အရှက်ရစရာဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
SAC-Mရဲ့ အမှုဆောင်ဒါရိုက်တာ ဘန်လီက “မင်းအောင်လှိုင်ဟာ တက်သစ်စ ဒီမိုကရက်တယောက် ဖြစ်တယ်ဆိုတဲ့ ယူဆချက်က မယုံနိုင်လောက်အောင် အဓိပ္ပာယ်မဲ့လှပါတယ်။ သူ့နာမည်က လေကြောင်းတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်အကြမ်းဖက်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုလိုမျိုး ရက်စက်ကြုမ်းကြုတ်မှုတွေနဲ့ ခွဲမရအောင် ဒွန်တွဲနေတဲ့ ပြယုဂ်တခုလို ဖြစ်နေတာပါ။ သူဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးရဲ့ တရားရေးအရာရှိကိုယ်တိုင်က ဖမ်းချင်နေတဲ့ သူတယောက်ပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တဆင့်ချင်း ရှေ့တိုးလျှောက်လှမ်းလာခဲ့ပြီး သားဖြစ်ပေမဲ့ မင်းအောင်လှိုင်က အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တာကြောင့် ပျက်စီးသွားတယ်၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆီကို တနည်းနည်းနဲ့ လမ်းဖွင့်ပေးနိုင်တယ်ဆိုပြီး ရည်ညွှန်းပြောဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ခါးခါးသီးသီးငြင်းပယ်တယ်လို့ဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေ နောက်လထဲ ဆက်မကျင်းပနိုင်အောင် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားသောနိုင်ငံတကာအသိုက်အဝန်းက ယတိပြတ်ငြင်းပယ်ပြီး စစ်အုပ်စုကို ဖိအားပေးဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း တခုအတွက် ပိုမိုခိုင်မာအားကောင်းတဲ့ ကတိကဝတ်တွေ ချမှတ်ဆောင်ရွက်ကာ ရွေးကောက်ပွဲရပ်တန့်သွားအောင် ပြုလုပ်ရဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လူထုပါဝင်မှုအလွန်နည်းတာ၊ နိုင်ငံနယ်နိမိတ်ရဲ့ ၄၀ ရာခိုင်နှုန်းအောက်မှာသာ ကျင်းပနိုင်ခဲ့ပြီး ကျင်းပတဲ့ မြို့နယ်တွေမှာလည်း မြို့နယ်လုံး ကျွတ် အတိုင်းအတာနဲ့ မကျင်းပနိုင်ခဲ့ဖူးလို့ ထောက်ပြထားပါတယ်။
ဒေသခံပြည်သူတွေဟာ မဲပေးဖို့ ဖိအားပေးခံနေရပြီး အထူးသဖြင့် သေနတ်ထောက်ကာ ဖိအားပေးခံနေရတဲ့အထိ ဖြစ်နေသလို စစ်အုပ်စုဟာ ပြည်သူတွေ ဘယ်လို မဲပေးကြောင်း ခြေရာခံဖို့ အီလက်ထရောနစ်ထောက်လှမ်းရေးနည်းပညာကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေက ပြောကြားချက်အရ စစ်ကောင်စီတပ်ဟာ ဟန်ပြရွေးကောက်ပွဲ စတင်ကျင်းပမဲ့ နာရီအပိုင်းအခြားအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို ပစ်မှတ်ထားကာ လေကြောင်းနဲ့လက်နက်ကြီး ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတမှုလည်း မရှိသလို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရတာ၊ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း နိုင်ငံရေးထောင်ဒဏ်တွေနဲ့ ဆက်လက်ချောင်ထိုးခံရကာ ဆင်းရဲဒုက္ခ ရောက်နေတယ်လို့ Asian Network for Free Elections (ANFREL) ကလည်း ပြောပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲ ဒုတိယပိုင်းကို လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။
ကေခိုင်


