
အဓိကပြိုင်ဘက်တွေကို ဝင်ပြိုင်ခွင့်ပိတ်ထားတဲ့ ဂီနီသမ္မတ ရွေးကောက်ပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မာမဒီ ဒွမ်ဘူရာဟာ မဲ ၈၆ ဒသမ ၇၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ကနဦး ရလဒ်တွေအရ သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်လိုက်တဲ့ ဒီရလဒ်ကြောင့် ဒွမ်ဘူရာဟာ ၇ နှစ်သက်တမ်း သမ္မတတာဝန်ကို ရရှိမှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဒွမ်ဘူရာဟာ အရပ်သားအစိုးရဆီ အာဏာလွှဲမယ်ဆိုတဲ့ ကတိကို ဖျက်ပြီး အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တာပါ။
အဓိကအတိုက်အခံပါတီကြီးတွေကို ဝင်ပြိုင်ခွင့် ပိတ်ပင်ထားသလို မဲမသမာမှုတွေ ရှိတယ်လို့ အတိုက်အခံတွေက ဝေဖန်နေကြပြီး အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒါဟာ ဟန်ပြရွေးကောက်ပွဲသက်သက်ပဲလို့ ရှုတ်ချထားပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကို စောင့်ဆိုင်းနေချိန် ဒီဇင်ဘာ ၂၉ ရက်မှာ အင်တာနက် လူမှုကွန်ရက်တွေ ဖြတ်တောက်ခံခဲ့ရတယ်လို့ NetBlocks အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒွမ်ဘူရာဟာ သမ္မတဟောင်းကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲပြီး အာဏာသိမ်းခဲ့ပေမဲ့ သူကိုယ်တိုင်လည်း သတင်းလွတ်လပ်ခွင့်နဲ့ အတိုက်အခံတွေကို ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
ဂီနီနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝပေမဲ့ ကမ္ဘာ့ဘဏ်စာရင်းတွေအရ လူဦးရေ ထက်ဝက်ကျော်ကတော့ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရဆဲ ဖြစ်ပါတယ်။
Source: Reuters


