
၇၈ နှစ်မြောက် ရေတပ်နှစ်ပတ်လည်နေ့မှာ ဖရီးဂိတ်စစ်ရေယာဥ်နဲ့ ရေငုပ်သင်္ဘော အပါအဝင် စစ်သင်္ဘောအစင်း ၂၀ ကျော် ထုတ်ပြပြီး ရေတပ်ကတိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင်က ကြွေးကြော်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က သန်လျင်ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ ပြုလုပ်တဲ့ ၇၈ နှစ်မြောက် ရေတပ်နှစ်ပတ်လည်နေ့မှာ “ရေပြင်သွားစစ်ရေယာဉ်ကြီးတွေသာမက ရေငုပ်သင်္ဘောတွေကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဖြစ် ရောက်ရှိနေပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
“ရေတပ်မှာ အရင်ကလိုမဟုတ်ဘဲ ကြည်းတပ်၊ လေတပ်နဲ့အတူ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ဖို့ ရေငုပ်သင်္ဘောများ စစ်ရေးယာဥ်ကြီးများနဲ့ မြန်နှုန်းမြင့် ကင်းလှည့်ရေယာဥ် အမြောက်အမြားကို ပိုင်ဆိုင်လာပြီး ဖြစ်သည့်အတွက် ရိက္ခာများ လက်နက်များသယ်ယူပေးနိုင်ရုံသာမက ပစ်ကူ၊ စစ်ကူများလည်းပေးနိုင်ပြီး စစ်ဆင်ရေးများ ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီ။”
စစ်ဆင်ရေးအတွက် အမိန့်ပေးလာပါက စောင့်ဆိုင်းစရာမလိုဘဲ ချက်ချင်းဆောင်ရွက်ပေးဖို့ မူဝါဒတရပ်အနေနဲ့ ချမှတ်ပေးထားခဲ့ပြီးပြီလို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်သင်္ဘောတွေ အများအပြား အသုံးပြုနေပေမဲ့ ရခိုင်စစ်မျက်နှာမှာ အကြီးအကျယ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြောစကားကို လေ့လာကြည့်ပါက မြို့ပေါင်း ၁၄ မြို့သိမ်းဆည်းထားတဲ့ အာရက္ခတပ်တော် (AA) ကို ရေကြောင်းကနေ ထိုးစစ်ဆင်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ တယောက်က သုံးသပ်ပြောပါတယ်။
“AA ကို စစ်တပ်က မကွေး၊ ပဲခူးနဲ့ ဧရာဝတီဘက်ကနေ မြေပြင်ကနေ ထိုးစစ်ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ရေကြောင်းကနေ ထိုးစစ်ဆင်ဖို့ စဥ်းစားပုံရတယ်။ ဒါက အာရက္ခတပ်တော် (AA) အတွက် သတိထားစရာ အချက်ပါ။”
စစ်ခေါင်းဆောင်ထုတ်ပြခဲ့တဲ့ စစ်သင်္ဘောအစင်း ၂၂ စင်းမှာ ရေငုပ်သင်္ဘော ၃ စင်း၊ ဖရီးဂိတ်စစ်ရေယာဥ် ၄ စင်း၊ ကမ်းလွန်ကင်းလှည့်ရေယာဥ် ၁ စင်း၊ အမြန်ကင်းလှည့်ရေယာဥ် ၂ စင်း၊ အမြန်သွားတိုက်ခိုက်ရေးရေယာဥ် ၆ စင်း၊ ကမ်းခြေစောင့်တိုက်ခိုက်ရေးရေယာဥ် ၂ စင်းနဲ့ အမြန်ကင်းလှည့်ရေ ယာဥ် ၄ စင်းပဲ ဖြစ်ပါတယ်။
လေတပ်နှစ်ပတ်လည်နေ့ကလည်း Mi 17 အပါအဝင် ဗုံးကြဲလေယာဥ် အစင်း ၃၀ ကို ထုတ်ပြပြီး ရန်သူနဲ့ ရင်ဆိုင်ရချိန် တိုက်ပွဲအဆုံးအဖြတ်မှာ လေကြောင်းက အားသာလို့ လေယာဥ်တွေ ထပ်မံဝယ်ယူမယ်လို့ စစ်ခေါင်းဆောင်က ပြောပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို စိတ်တိုင်းကျသုံးစွဲပြီး တိုက်လေယာဉ်နဲ့ စစ်ရေယာဉ်တွေ ဝယ်ယူအားဖြည့်နေပေမဲ့ ပြည်ပနိုင်ငံတွေနဲ့ စစ်တိုက်ရာမှာ အသုံးပြုဖို့မဟုတ်ဘဲ ပြည်သူတွေကို လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။


