Home
မြန်မာသတင်း
ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
DVB
·
December 29, 2025

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနေ့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပနေချိန် မြို့ပေါ်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခဲ့ပြီး ဒီနေ့အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ မြို့ကို ကာထားတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၀၉ တပ်ရင်း အပါအဝင် ရပ်ကွက် ၅၊ ရပ်ကွက် ၈ နေရာတွေမှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းက အပြင်းအထန် တိုက်ခိုက်ကာ စစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက မြို့ကိုသိမ်းနိုင်ဖို့အထိ ရည်ရွယ်ပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

“မနေ့ ညနေပိုင်းကစပြီး ကျန်တောနဲ့ ပြည်သာယာ စခန်းတွေကို စတိုက်တယ်။ ဒီနေ့အထိ မြို့ထဲမှာရော ခမရ ၃၀၉ တပ်ရင်းမှာရော တိုက်ပွဲပြင်းထန်နေတယ်။ ကာကင်းစခန်းတချို့ သိမ်းဆည်းမိတာ ရှိတယ်လို့တော့ ပြောတယ်။ တိတိကျကျတော့ လတ်တလော ဘာမှ မသိရသေးဘူး။ ကြည့်ရတာ မြို့သိမ်းဖို့အထိ ရည်ရွယ်ပြီး သေချာစုဖွဲ့ အစီစဉ်ဆွဲပြီး တိုက်နေတဲ့ သဘောဖြစ်ပါတယ်။”

တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ စခန်းကုန်းနဲ့ ကာကင်းစခန်းတွေ သိမ်းဆည်းရမိတာ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောဆိုကြပေမဲ့ တော်လှန်ရေးအဖွဲ့နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးက ဖြစ်စဉ်အခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

နှစ်ဖက် တိုက်ပွဲပြင်းထန်လာတာကြောင့် မြို့ပေါ်က အရပ်သားတချို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြပေမဲ့ အများစုက စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် မိမိအိမ်အတွင်းမှာပဲ ပုန်းခိုနေရတယ်လို့ ဆိုပါတယ်။

ကသာမြို့နယ်မှာ စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားကာ လက်ရှိ မြို့ကိုပါ စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေက ကြိုးပမ်းလာတာပါ။

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ တဆက်တည်း တည်ရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013