
စစ်ကိုင်းတိုင်း၊ ကသာမြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်တာကြောင့် မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်ဘက်က ပိတ်လိုက်သလို မဲရေတွက်တာကိုလည်း ရပ်ထားရတယ်လို့ ဒေသခံတွေဆီက သိပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်ကလုပ်တဲ့ ပထမအကြိမ် ရွေးကောက်ပွဲနေ့မှာ တော်လှန်ရေးတပ်တွေက ဝင်တိုက်တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာလည်း မြို့ပတ်လည်မှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေ မြို့တွင်းကို တိမ်းရှောင်လာရတယ်လို့ ဆိုပါတယ်။
ကသာမြို့ ဒေသခံတယောက်က “ဒီနေ့ မြို့ပတ်လည်မှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ မြို့ပတ်လည်က ဒေသခံတွေ မြို့တွင်းကို တိမ်းရှောင်လာကြတယ်။ အခု မြို့အဝင်အထွက်ကို ပိတ်ထားတယ်။ မဲရေတွက်တာလည်း မလုပ်နိုင်ဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေဟာ ကသာမြို့အထွက် ပတ္တမြားကုန်း မန္တလေး-ကသာလမ်း အထွက်၊ စေတီကုန်း၊ မိုးတားဘက်သွားတဲ့ လမ်းကြောတွေနဲ့ ခမရ ၃၀၉ အနီးတွေမှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကစလို့ ကသာမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ မြို့အနီးဝန်းကျင် နေရာတွေကို လက်နက်ကြီးနဲ့ တဖက်သတ် ပစ်ခတ်နေတာကနေ ဒီဇင်ဘာ ၂၇ ရက်မှာ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်လာတာလို့ ဆိုပါတယ်။
ကသာမြို့မှာတော့ စစ်ကောင်စီက အထက ၃၊ အထက ၁၊ ပညာရေးမှူးရုံး၊ ရပ်ကွက် ၃၊ ရပ်ကွက် ၈၊ ရပ်ကွက် ၇၊ မြို့တော်ခန်းမတွေမှာ မဲရုံထားရှိပြီး ရွေးကောက်ပွဲလုပ်ခဲ့သလို တော်လှန်ရေးတပ်တွေ ဝင်တိုက်နေပေမဲ့ ရွေးကောက်ပွဲ ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် ၁၀၂ မြို့မှာ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပြီး အပိုင်း ၂ ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက် မြို့နယ် ၆၃ မြို့နယ်မှာ လုပ်မယ်လို့ ကြေညာထားသလို ကျင်းပမဲ့မြို့နယ်တွေကိုလည်း ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်နေပါတယ်။


