Home
မြန်မာသတင်း
အင်းတော် သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ကသာမြို့ကို စစ်အင်အားဖြည့်နေ
DVB
·
April 19, 2025

တော်လှန်ရေးတပ်ဖွဲ့တွေက အင်းတော်မြို့ကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အင်းတော်နဲ့ အနီးဆုံးမှာရှိနေတဲ့ ကသာမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းနေတယ်လို့ ကသာ ပ.က.ဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကသာမြို့မှာ စစ်ကောင်စီက ခံစစ်ပြင်တဲ့ အနေအထားမှာရှိနေပြီး Mi-17 ရဟတ်ယာဉ်နဲ့ အင်းအားလာချနေတယ်လို့ ပြောပါတယ်။ 

“ကသာမြို့ကတော့ သူတို့ခံစစ်ပြင်နေပြီ၊ Mi-17 တွေလာတာ အင်အားလာချတာ၊ လက်နက်အင်အားတွေ ထပ်တိုးတာလို့ထင်တယ်၊ စုစုပေါင်းဆိုရင် ၈ ခေါက်လောက်ရှိပြီ” ကသာ ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။

ကသာမြို့နယ်ထဲမှာ ကသာမြို့ထဲက ခမရ ၃၀၉ တပ်ရင်း၊ မြို့နယ်ရဲစခန်း၊ ကသာအကျဉ်းဦးစီးနေရာနဲ့ ကသာကနေ အင်းတော်အထွက် လမ်းဆုံဂိတ်စခန်းတွေမှာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ကသာကနေ အင်းတော်အထွက် လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က တပ်သားတွေကလည်း လမ်းသွာလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေရှိပေမဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ပြည်သူတွေကို စစ်ဆေးတာတွေ လျော့နည်းသွားပြီး ဘန်ကာကနေ အသင့်နေရာယူထားတာကို  တွေ့ရတယ်လို့ ကသာမြို့ခံတယောက်က ပြောပါတယ်။

“အရင်ကဆို စစ်တာဆေးတာတွေ ရှိသေးတယ်၊ အင်းတော်   သိမ်းလိုက်တဲ့နောက်တော့ ဘန်ကာထဲမှာ ရှိနေတာတွေ့တယ်၊ ဒီအရှေ့ဘက်ခြမ်း ဘန်ကာထဲက စစ်သားတွေဆိုလည်း လမ်းသွားလမ်းလာတွေကို အထဲကနေပဲ ကြည့်နေတာတွေ တွေ့ရတယ်၊ အရမ်းသတိထားပြီး နေထိုင်နေသလိုပဲ။” 

လက်ရှိအချိန်အထိ ကသာမြို့နယ်မှာတော့ တိုက်ပွဲမဖြစ်ဘဲ ငြိမ်သက်နေပြီး ပုံမှန်လည်ပတ်နေပေမဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

ကသာမြို့နယ်ထဲမှာ အင်းတော်မြို့ရဲ့ စစ်ကောင်စီ နောက်ဆုံးခံစစ်ကနေထွက်ပြေးလာတဲ့ တပ်မ ၇၇ တပ်မမှူးအပါအဝင် စစ်သား ၁၇၀ ကျော်ကိုည်း ဖမ်းဆီးရမိထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024