
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ဆင်တဲကုန်းကျေးရွာကို ဧပြီ ၁၈ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မင်းလှမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “စစ်ကားတွေနဲ့ အင်အား ၆၀ နဲ့ ၇၀ ကြားလောက်ပါလာပြီး ဆင်တဲကုန်းရွာထဲကို ဝင်စီးတာ။ ရွာသား ၄၊ ၅၊ ၆ ယောက်လောက် ဖမ်းခေါ်သွားကြတယ်။ အဲဒီရွာမှာ PDF ရဲဘော်တွေ မရှိဘူး။ ပေါ်တာဆွဲတဲ့သဘော ဖြစ်မယ်” လို့ ပြောပါတယ်။
ဆင်တဲကုန်းကျေးရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဥ် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေဟာ ရွာပြင်တောတွေထဲကို တိမ်းရှောင်ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံတယောက်က “တချို့စစ်သားတွေက ရွာကလူတွေကို ဖမ်းသွားပြီး ပြန်ထွက်သွားကြတယ်။ စစ်သားတချို့လည်း ရွာထဲမှာ ကျန်နေခဲ့ကြသေးတယ်။ ရွာကိုမီးရှို့တာတော့ မတွေ့ရသေးဘူး။ ကျနော့်အထင်တော့ သူတို့ အဲ့ဒီရွာမှာ တပ်စွဲအထိုင်ချမယ့်သဘောရှိနေတယ်” လို့ DVB ကို ပြောပါတယ်။
ဧပြီ ၁၉ ရက် မနက်ပိုင်းအထိ ဆင်တဲကုန်းကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့အတွက် ထွက်ပြေးလာကြတဲ့ ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်းကို ပြန်မဝင်ရဲကြသေးဘူးလို့ ဆိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်ဘေးဒဏ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ယာယီအပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာထားပေမဲ့ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေအပြင် လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။