ထိုင်း-မြန်မာနယ် ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတဝိုက်မှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဧပြီ ၁၈ ရက်မှာ ကရင်စစ်ဘေးရှောင် ၁၂၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ ဘားအံခရိုင်အတွင်းကဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့သလို နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး ထိုင်းဘက်ခြမ်း မယ်လမမြို့ နဲ့ ကျူ့ရွာအနီး သဘာဝဂိတ်ဘက်ကို ကူးလာကြတာလို့ ဆိုပါတယ်။
ထိုင်းတာဝန်ရှိသူတွေက စစ်ရှောင်တွေကို လတ်တလော နေထိုင်စားသောက်ရေး ကူညီပေးထားပြီး တိုက်ပွဲပြီးဆုံးပါက နေရပ်ပြန်သွားဖို့ နယ်စပ်ဂိတ်ကနေ ပြန်ပို့သွားမယ်လို့ သိရပါတယ်။
ဧပြီ ၁၅ ရက်က စတင်တဲ့ ကောက်ကရိတ်မြို့အနီး တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၂၀ လောက် သေဆုံး၊ ၄၀ လောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။