Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး
DVB
·
April 19, 2025
Photo: ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကို ဧပြီ ၁၇ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်ကြီးပိုင်း ပြည်သူ ၁ ယောက် သေဆုံး အချို့ဒဏ်ရာရရှိခဲ့ကြရှိသလို ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက် ကော်မတီရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“ရေစကြိုမြို့နယ်ထဲက ဗလဘ‌ရွာကို စစ်တပ်ရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၃ လုံးကြဲချခဲ့တာပါ။ အသက် ၈၀ အရွယ် အဘိုးအို ၁ ယောက် သေဆုံးပါတယ်။ နောက်ထပ် ၂ ယောက်လည်း ဒဏ်ရာတွေရကြဖို့ ဆေးကုသမှုခံယူနေကြရပါတယ်။”

စစ်​ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြေထောက်ပြတ်သွားခဲ့တဲ့ ဗလဘ‌ကျေးရွာက အသက် ၈၀ အရွယ် ဦးအောင်သန်းဟာ ဆေးကုသနေရင်း ဧပြီ ၁၈ ရက်နေ့ မနက်မှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

“စစ်တပ်ဘက်က ဗလဘ‌ရွာကို အသားလွတ် ဗုံးကြဲသွားတာလို့ပဲ ပြောရမယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်တာလည်း မရှိ၊ PDF၊ ပကဖ စခန်းလည်း မရှိတဲ့အတွက်ကြောင့်ပဲ။ သူတို့ ဗုံးကြဲလို့ အသက် ၈၀ လောက်ရှိတဲ့ ဦးအောင်သန်းက ခြေထောက်ပြတ်သွားတာ။ သွေးထွက်လွန်တဲ့ ဒဏ်ကြောင့် ဆေးကုနေတဲ့အချိန်မှာပဲ ဆုံးသွားခဲ့တ ာဖြစ်တယ်။ တခြား ထိခိုက်ဒဏ်ရာရတဲ့ ၂ ယောက်ကလည်း စိုးရိမ်ရတဲ့သူတော့ ပါတယ်” လို့ ရေစကြို ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဗလဘ‌ကျေးရွာက လူနေအိမ် ၁၀ လုံးနီးပါး ပျက်စီးသွားပြီး ရွာဦးဘုန်းကြီးကျောင်းက ကျောင်းဆောင် ၁ ခု၊ မီးစက်ရုံနဲ့ အုတ်တံတိုင်းတွေလည်း ထိမှန်ပျက်စီးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ကလည်း ရေစကြိုမြို့နယ်ထဲက သာခေါင်လေးကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ ပေါင် ၂၀၀ ဗုံးကြဲချခဲ့လို့ စာသင်ကျောင်းဆောင် ပျက်စီးခဲ့ရပါသေးတယ်။

အခု ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဟာ ရေစကြိုမြို့နယ်ထဲကို မြေပြင်စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာလို့ ရေစကြိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013