Home
မြန်မာသတင်း
ရိက္ခာသယ်ရန်ထွက်လာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေ
DVB
·
December 29, 2025

တောင်ကုတ်-ပန်းတောင်း ရိုးတောင်ကျော်လမ်းရှိ စစ်ကောင်စီက ပြန်လည်သိမ်းယူထားတဲ့ ပွိုင့် ၆၆၆ စခန်းကနေ ရိက္ခာသယ်ယူဖို့ ထွက်ခွာလာတဲ့ စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၅ ယောက် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ညနေ ၃ နာရီကျော်ခန့်က ပွိုင့် ၆၆၆ စခန်းမှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်း စားနပ်ရိက္ခာ သယ်ယူဖို့အတွက် ကပစ ၁၆ နဲ့ ပွိုင့် ၆၆၆ စခန်းကြားမှာရှိနေတဲ့ စစ်ကြောင်းထံ ဆင်းလာချိန် ကြားဖြတ်တိုက်ခိုက်ခံရပြီး ​စစ်တပ်ဘက်က ၅ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရမိလိုက်တယ်လို့ ဆိုပါတယ်။

“မနေ့ညက ပွိုင့်ကုန်းက ဆင်းလာတာပါ။ အဲဒါကို AA က ကြားဖြတ်တိုက်ခိုက်တယ်။ စကမဘက်ကတော့ ၅ ယောက်သေတယ်လို့ သိရတယ်။ စစ်ကြောင်းလည်း ပြိုပျက်သွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဘက်က ပြန်လည်သိမ်းယူထားတဲ့ ပွိုင့်ကုန်းစခန်းကို အာရက္ခတပ်တော် အပါ တော်လှန်ရေးတပ်တွေက မျက်ခြည်မပြတ် စောင့်ကြည့် ဝိုင်းရံထားပြီး စားနပ်ရိက္ခာကို ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့လည်း ဆိုပါတယ်။

အလားတူ စစ်ကောင်စီတပ်က တောင်ကုတ်-ပန်းတောင်း ရိုးလမ်းမရှိ AA ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကျေးရွာစခန်းကို ဆင်လန်ကျေးရွာစခန်းကတဆင့် ထောက်ပို့ပြီး လေလာတောင်ကနေ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်နေတယ်လို့ စစ်ရေးနဲ့ နီးစပ်သူ အမျိုးသားတယောက်ကလည်း ပြောပါတယ်။

“စကမဘက်က ညောင်ကျိုး​ရွာရှေ့က လေလာတောင်ခြေမှာ ရှိနေတယ်။ အဲဒီကတဆင့် AA ဘက်ကို ထိုးစစ်ဆင်တယ်။ AA ဘက်ကလည်း အသင့်ရှိနေတယ်။ စကမဘက်က လှုပ်ရှားရင် ပစ်တယ်၊ တိုက်ပွဲက မကြာခဏပစ်နေတယ်။”

စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကျေးရွာစခန်း အပါ ပွိုင့် ၆၆၆ စခန်း ပတ်ဝန်းကျင်၊ ပုဂံကွဲကျေးရွာနဲ့ AA နဲ့ တော်လှန်ရေးတပ်စခန်း ရှိနိုင်တဲ့နေရာတွေကို ခန့်မှန်းပြီး လေကြောင်းမှ ဂျက်ဖိုက်တာ၊ Y12၊ ဒရုန်းနဲ့ ဗုံးကြဲနေတဲ့အပြင် ကပစ ၆ က လက်နက်ကြီး၊ ကပစ ၁၆ က လက်နက်ကြီး စသည်တို့နဲ့လည်း နေ့စဉ် ပုံမှန် ပစ်ခတ်နေတယ်လို့ စစ်ရေးနီးစပ်သူက ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီ ရှေ့တန်းရောက် စစ်ကြောင်းတွေကို အဓိကပိတ်ဆို့ထားပြီး နောက်တန်းမှ စားနပ်ရိက္ခာ ထောက်ပို့လုပ်နေတဲ့ စစ်ကြောင်းတွေကို အဓိကထား ကြားဖြတ်တိုက်ခိုက်နေတာကြောင့် လေ​လာတောင် အပါအဝင် ဆင်လန်နဲ့ ပွိုင့်ကုန်းစခန်းတွေကိုပါ ဒရုန်းနဲ့ စားနပ်ရိက္ခာ ပို့ပေးနေရတယ်လို့ စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013