
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပိုမိုတိုးပွားလာပြီး ဒေါ်လာဘီလီယံနဲ့ ချီတဲ့ ဝင်ငွေတွေ ရနေပါတယ်။ ဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတဲ့အကြောင်း အထောက်အထားတွေလည်း အခိုင်အမာ ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးထုတ်လုပ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တိုးပွားလာပြီး ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပါတယ်။
အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း ငွေလိမ်ဂိုဏ်းတွေအနေနဲ့ ကမ္ဘာတဝန်း အွန်လိုင်းလိမ်လည်မှုကနေ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲ မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေသူ ၁၂၀,၀၀၀ ရှိနိုင်ပြီး အွန်လိုင်းလိမ်လည်မှုတွေကနေ ဝင်ငွေ ဒေါ်လာ ၁၅ ဘီလီယံကျော် ရရှိခဲ့တယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့ ခိုင်မာတဲ့ဆက်နွှယ်မှု
မြန်မာစစ်တပ်ဟာ ဒီရာဇဝတ်ဂိုဏ်းတွေကို မသိကျိုးနွံပြုထားရုံမက သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကနေတဆင့် တိုက်ရိုက်စီမံခန့်ခွဲပြီး အကျိုးအမြတ်ရယူနေကြောင်း လေ့လာသူတွေက ပြောကြပါတယ်။
Justice for Myanmar (JFM) လို အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ ဒီလုပ်ငန်းတွေဟာ စစ်တပ်အတွက် အရေးပါတဲ့ နိုင်ငံခြားဝင်ငွေအရင်းအမြစ်တခု ဖြစ်နေပါတယ်။
ဒါကို သိသာစေတဲ့ အချက်တခုကတော့ ကျားဖြန့်ကိစ္စနဲ့ အရေးယူ၊ စစ်ဆေးခံရတဲ့ စစ်တပ် ဗိုလ်ချုပ် ၅ ယောက်နဲ့ ဗိုလ်မှူးချုပ် ၁ ယောက် စုစုပေါင်း ၆ ယောက်အထိ ရှိခဲ့တာပါ။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး (DSA-39)၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း (DSA-33)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် (OTS-24)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒကစမှူး ဗိုလ်ချုပ် ဇော်မင်း (OTS-24) တို့ကို စစ်တပ်က ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ၊ ညွှန်ကြားရေးမှူးဟောင်းနှင့် တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ်လှမြင့်စိုးကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းအောင်လည်း စစ်ဆေးခံရတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ကိုးကန့် မိသားစုကြီးတွေရဲ့ နိဂုံးနဲ့ စစ်တပ်ရဲ့ သစ္စာဖောက်မှု
ဆယ်စုနှစ်တခုကျော်ကြာ စစ်တပ်ရဲ့ အမာခံမိတ်ဖက်ဖြစ်ခဲ့တဲ့ ကိုးကန့်မိသားစုကြီး ၄ စု (ပယ်၊ ဝေ၊ လျို၊ မြီ) ဟာလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်တပ်ရဲ့ စွန့်ပယ်မှုကို ခံခဲ့ရပါတယ်။
ပယ်ဆောက်ချိန်ဟာ ၂၀၁၀ ပြည့်နှစ်မှာ စစ်တပ်လက်အောက်ခံလွှတ်တော်အမတ် ဖြစ်ခဲ့ပြီး အဲဒီနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ဝေမိသားစုက ဝေစန်းကတော့ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။
လျိုမိသားစုကတော့ ကိုးကန့်ဒေသရဲ့ စီးပွားရေးအတောင့်တင်းဆုံး မိသားစုဖြစ်လာပြီး လုပ်ငန်းပေါင်းစုံ ပါဝင်တဲ့ ဖူလီလိုက် စီးပွားရေးအင်ပါယာကို ထူထောင်ခဲ့ပါတယ်။ မြီရှောက်ချန်းကတော့ လောက်ကိုင်ရဲ့ ပြည်နယ်အမတ်ဖြစ်ခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ သူတို့ကို စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဘွဲ့ထူး၊ ဂုဏ်ထူးတွေလည်း ပေးအပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ တရုတ်က အလိုရှိချိန်မှာတော့ မြန်မာစစ်တပ်က လွှဲပြောင်းပေးခဲ့ပြီး အဲဒီထဲ မြီရှောက်ချန်းကတော့ စစ်တပ်က ဖမ်းဆီးချိန် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပယ်ဆောက်ချိန်ကတော့ တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံရပြီး နောက်တရက်မှာပဲ ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ သတင်းထွက်ပေါ် ခဲ့ပါတယ်။
NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က “တရုတ်မီဒီယာတွေမှာ ဖော်ပြတဲ့ ကိုးကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင် ဝေစန်းရဲ့ ထွက်ဆိုချက်တွေမှာ စစ်အုပ်စုရဲ့ ကာကွယ်မှုနဲ့ ခွင့်ပြုချက်တွေ ရရှိခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို ကာကွယ်ဖို့အတွက် လိမ်လည်ရရှိတဲ့ ငွေရဲ့တစိတ်တပိုင်းကို စစ်အုပ်စုကို ပေးဆောင်ခဲ့ရကြောင်း၊ အဓိပ္ပာယ်သက်ရောက်တဲ့ အချက်တွေ ထွက်ဆိုထားတာကို ကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက်ပံ့ပိုးမှုရှိကြောင်း သက်သေတွေက ထင်ရှားတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းက ဒီရာဇဝတ်လုပ်ရပ်တွေကို ရပ်တန့်ဖို့ စစ်အုပ်စုအပေါ် ယခုထက်ပိုတဲ့ ပိတ်ဆို့ အရေးယူ ဆောင်ရွက်မှုတွေ လိုအပ်ကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ် ကျားဖြန့်တို့ရဲ့ နောက်ဆုံးခံကတုတ်
ကိုးကန့်မှာ ကျားဖြန့်တွေ ကျဆုံးပြီလို့ ပြောကြပေမဲ့ မြန်မာပြည်တွင်းက ရန်ကုန်၊ မန္တလေး အပါအဝင် စစ်တပ်အုပ်ချုပ်ရာ မူဆယ်လို မြို့ကြီးတွေမှာ ဆက်လက်ရှင်သန်နေပြီး တဖက်မှာလည်း ကရင်ပြည်နယ်ထဲကို အလုံးအရင်းနဲ့ ပြောင်းရွှေ့ လာကြပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ဟာ မြန်မာစစ်တပ်ရဲ့ အကာအကွယ်နဲ့ ဒီလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတာကို အမေရိကန်နိုင်ငံရဲ့ အရေးယူပိတ်ဆို့မှုတွေက သက်သေပြနေပါတယ်။
ဒါကတော့ Cyber Scam Monitor မှာ ဖော်ပြထားတဲ့ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်စင်တာ ၄၇ ခုရဲ့ တည်နေရာတွေဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ အမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျားဖြန့်ဆိုက်တွေထဲတခုကတော့ မြဝတီမြို့ရဲ့ မြောက်ဘက် ၁၀ မိုင်အကွာမှာတည်ရှိပြီး ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ စစ်တပ်လက်အောက်ခံ BGF နဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္ပဏီ၊ ရထိုက်နိုင်ငံတကာ ဦးပိုင်အုပ်စုတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်တဲ့ ရွှေကုက္ကိုစီမံကိန်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက လုပ်ငန်းစခဲ့ပြီး အကြောင်းအရင်းအမျိုးမျိုးကြောင့် စုံစမ်းစစ်ဆေးရေးတွေပါ ပြုလုပ်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ စီမံကိန်းတွေ ပြန်စတာနဲ့အတူ ကျားဖြန့်တွေပါ ကြီးထွားလာခဲ့ပါတယ်။ တဖက်မှာတော့ စစ်ခေါင်းဆောင်ကိုယ်တိုင်က ဗိုလ်မှူးကြီး စောချစ်သူကို သီရိပျံချီဘွဲ့ပေးပြီး ချီးမြှောက်သလို BGF ရဲ့ တရားမဝင်လုပ်ငန်းတွေကိုလည်း မသိကျိုးကျွံ ပြုပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်မှာတော့ တရားမဝင်အွန်လိုင်းလောင်းကစားတွေ လုပ်ကိုင်မှုနဲ့ တရုတ်က နိုင်ငံတကာရဲတပ်ဖွဲ့ဆီ တောင်းဆိုတာကြောင့် ရထိုက်ဂရုရဲ့ ဒါရိုက်တာ ၄ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ တရုတ်လူမျိုး၊ ကမ္ဘောဒီးယားနိုင်ငံသား ရှီကျီကျန်းကို ထိုင်းအာဏာပိုင်တွေ က ဖမ်းဆီးခဲ့ပါတယ်။
အဲလို ဖမ်းဆီးခံရမှုကြောင့် စီမံကိန်းကို ထိခိုက်မှုမရှိကြောင်းနဲ့ ဆက်ပြီးလည်ပတ်နေမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူကတုံ့ပြန်ခဲ့ပြီး ရှီကျီကျန်းလွတ်မြောက်ဖို့ ဆုတောင်းပွဲတခုကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှာ ကျင်းပခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရုတ်မင်းသား ဝမ်ရှင်း မြန်မာ-ထိုင်းနယ်စပ်မှာ ပျောက်ဆုံးခဲ့တာကနေစတင်ပြီး ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို တရုတ်အပါအဝင် နိုင်ငံတကာက အာရုံစိုက်လာခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာနယ်စပ်က နေရာ ၅ ခုကို လျှပ်စစ်၊ အင်တာနက်နဲ့ လောင်စာဆီ ထောက်ပံ့မှုတွေ ထိုင်းဘက်က ဖြတ်တောက်ခဲ့တဲ့အပြင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံ၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (DSI) က ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့ အရေးယူမှု - စစ်ကောင်စီရဲ့ "လက်ညှိုးထိုး" နိုင်ငံရေး
၂၀၂၅ ခုနှစ်၊ မေ ၅ ရက်မှာတော့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သား ၂ ဦးအပါအဝင် BGF အမည်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) တို့ကို အမေရိကန်က အွန်လိုင်းလိမ်လည်မှုမှာပါဝင်တဲ့ စွပ်စွဲချက်နဲ့ အရေးယူဒဏ်ခတ်ပါတယ်။
စက်တင်ဘာ ၈ ရက်မှာတော့ သူနဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ၃ ဦးနဲ့ ကုမ္ပဏီ ၆ ခုကိုအရေးယူခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ ၁၂ ရက်မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အပါအဝင် DKBA ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးနဲ့ ကုမ္ပဏီ ၁ ခုကို ထပ်မံ ဒဏ်ခတ်ပြန်ပါတယ်။
အဲဒီအချိန် မြန်မာစစ်တပ်က ကရင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ ပြန်ပြီး အသာစီးရလာတာနဲ့အတူ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအုပ်စုထဲက KK Park ကို ဝင်ရောက်စီးနင်းခဲ့ပြီး အွန်လိုင်းလိမ်လည်မှုတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပတ်သက်ဆက်နွှယ်မှုရှိတယ်လို့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာတော့ ထိုင်းက ဖမ်းထားတဲ့ ရှီကျီကျန်းကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန်တရားရေးဝန်ကြီးဌာန၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) နဲ့ အမေရိကန် လျှို့ဝှက်စုံစမ်းရေးဌာန (USSS) တို့ပါဝင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကို အမေရိကန်က ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ပါတယ်။
ဒီအဖွဲ့မှာ ပါဝင်တဲ့အေးဂျင့်တွေဟာ ထိုင်းရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး လက်ရှိမှာ မြဝတီထဲက ငွေလိမ်စင်တာ ၂ ခုကို အွန်လိုင်းကနေ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အချက်အလက်တွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံအနေနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုတာထက် နက်နဲတဲ့ လျှို့ဝှက် ရည်ရွယ်ချက်တခု ရှိနေနိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။ ဒါအပြင် ကျားဖြန့်အရေး သတင်းစာရှင်းလင်းပွဲတခုကို ဒီဇင်ဘာလထဲ ပြုလုပ်ခဲ့ပါတယ်။
စစ်ကော်မရှင်းသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီအရှေ့မြောက် ဒေသမှာလည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပတ်သက်တဲ့သူတွေရှိတယ်။ ကျနော်တို့ အစိုးရအဖွဲ့အစည်းထဲမှာလည်း ရှိတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့စည်းထဲမှာရှိတယ်။ ကျနော်တို့ အရေးယူပြီးပြီ။ တော်တော်ကြီးကြီးမားမားကို အရေးယူခဲ့တာ ရှိတယ်။ ဒီလိုပဲ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေမှာလည်း သူတို့ သတင်းထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန်သည် ဖြစ်စေ အရေးယူခဲ့တာတွေရှိပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ နိုင်ငံတကာဖိအားတွေ ကြီးမားလာတာနဲ့အတူ KK Park ထဲက ကျားဖြန့်အဆောက်အအုံရာနဲ့ချီကို ဖျက်ဆီးပြနေသလို နိုင်ငံတွင်းက ကျားဖြန့်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးနေကြောင်း မကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ နိုင်ငံပေါင်း ၅၄ နိုင်ငံက နိုင်ငံခြားသား စုစုပေါင်း ၇၀,၁၃၅ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လက်ရှိ ကရင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ ကျားဖြန့်နေရာသစ်တွေ ၁၀ ခုထက် မနည်းတည်ဆောက်နေပြီး၊ စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက တရုတ်လူမျိုးတွေနဲ့ နိုင်ငံခြားသားတွေကို သယ်ယူပို့ဆောင်တာ၊ အဆောက်အဦ တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ခွင့်ပေးတာတွေ လုပ်ဆောင်နေတဲ့အကြောင်း ထိုင်း-မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးနေသူတယောက်က DVB ကို ပြောပါတယ်။
“တကယ်တမ်းကတော့ BGF တို့၊ DKBA တို့ဆိုတာ စစ်တပ်ရဲ့ လက်အောက်ခံတွေပဲ။ အခုချိန်ထိ ရွှေကုက္ကိုတို့၊ KK Park တို့ ဒီတိုက်တွေကို ဖျက်ဆီးလုပ်ပြီး အခုချိန်ထိ DKBA, BGF တို့က ပါဝင်ပတ်သက်တဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ အရေးယူတာ လုံးဝမရှိတဲ့အပြင် ဒီလူတွေကပဲ တရုတ်ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေကို တရုတ်ကျားဖြန့် သူဌေးတွေကို သူတို့ကိုယ်တိုင် လုံခြုံရေး ယူပေးပြီး နေရာ ရွှေ့ပေးနေတယ်ဆိုတာ ကျနော်တို့ မြေပြင်သတင်းကနေ သိရတယ်။ ရွှေကုက္ကိုကနေ KK Park၊ KK Park ကနေ ကျောက်ခက်၊ ကျောက်ခက်ကနေ ဝေါလေ၊ ဝေါလေကနေ အခု ဘုရားသုံးဆူဘက်အထိကို သူတို့က ရွှေ့ပြောင်းလာတာတွေ တွေ့ရတယ်။ ရန်ကုန်၊ မန္တလေးလို နေရာတွေမှာလည်း ကျားဖြန့်တွေ ဝင်လာတာ တွေ့ရတယ်။”
စိုးသူအောင်


