Home
နိုင်ငံတကာ
ဘရာဇီးတွင် ရာဇဝတ်ဂိုဏ်းပစ်မှတ်ထား စစ်ဆင်ရေးအတွင်း လူ ၆၀ ကျော် သေဆုံး
DVB
·
October 29, 2025
Photo :Reuters

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့တော်မှာ အောက်တိုဘာ ၂၈ ရက်က အဓိကရာဇဝတ်ဂိုဏ်းတခုကို ပစ်မှတ်ထားတဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးကို ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ရာမှာ အနည်းဆုံး လူ ၆၄ ယောက် သေဆုံးခဲ့ပြီး လူအသေအပျောက်အများဆုံး စစ်ဆင်ရေး ဖြစ်ပါတယ်။

COP30 လို့ လူသိများတဲ့ ကုလသမဂ္ဂ ရာသီဥတု ထိပ်သီးညီလာခံနဲ့ ဆက်စပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတွေကို ကျင်းပဖို့ ရက်အနည်းငယ် အလိုမှာပြုလုပ်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ကိုမန်းဒိုး ဗဲရ်မေယိုဂိုဏ်းကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ရီယိုအုပ်ချုပ်ရေးမှူး ကလော်ဒီယို ကက်စထရိုက အတည်ပြုထားတဲ့ သေဆုံးသူဦးရေထဲမှာ ရဲအရာရှိ ၄ ယောက် ပါဝင်ခဲ့ပြီး အရင်က ရီယိုမှာ ရဲတပ်ဖွဲ့ရဲ့ အပြင်းထန်ဆုံး စစ်ဆင်ရေးထက် သေဆုံးသူဦးရေ ၂ ဆကျော် ပိုများနေတာပါ။

ရဲအရာရှိ မဟုတ်တဲ့ ကျန်သေဆုံးသူတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အာဏာပိုင်တွေဟာ ဖမ်းဆီးဝရမ်းနဲ့ ရှာဖွေဝရမ်း ၂၅၀ လောက် ရရှိဖို့ ကြိုးပမ်းခဲ့ကြကြောင်း အစိုးရက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကျန်းမာရေးနဲ့ ပညာရေးဌာန ၅၀ လောက်ဟာ ဂိုဏ်းတိုက်ခိုက်မှုတွေကြောင့် ပုံမှန်လုပ်ငန်းစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရပြီး သေနတ်ပစ်ခတ်မှုတွေကို ရှောင်ရှားဖို့ ဘတ်စ်ကား လမ်းကြောင်းတွေကိုလည်း ပြောင်းလဲခဲ့ရပါတယ်။

၂၀၁၆ အိုလံပစ်၊ ၂၀၂၄ G20 ထိပ်သီးအစည်းအဝေးနဲ့ ဒီနှစ် ဇူလိုင်လက BRICS ထိပ်သီးအစည်းအဝေးတို့ကို လက်ခံကျင်းပတဲ့ ရီယိုမြို့တော်မှာ အရေးကြီး ပွဲအခမ်းအနားတွေ မတိုင်ခင် ရဲတပ်ဖွဲ့ဟာ ရာဇဝတ်ဂိုဏ်းတွေကို အကြီးစား စစ်ဆင်ရေးတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

နောက်အပတ် ရီယိုမှာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ မြို့တော်ဝန်တွေရဲ့ C40 ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေးနဲ့ ဗြိတိန်တော်ဝင်မင်းသား ဝီလျံရဲ့ Earthshot ဆုပေးပွဲကို ကျင်းပမှာဖြစ်ပြီး ပေါ့ပ်စတား ​​ကိုင်လီမီနော့ဂ်နဲ့ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ၄ ကြိမ်တိုင်တိုင် ရရှိထားတဲ့ ဆီဘာ့စ်တီယန် ဖက်တယ်လ်တို့ အပါအဝင် နာမည်ကြီးပုဂ္ဂိုလ်တွေ ပါဝင်မှာပါ။

ဒီအစီအစဉ်ဟာ နိုဝင်ဘာ ၁၀ ရက်မှ ၂၁ ရက်အထိ ဘရာဇီးနိုင်ငံမြောက်ပိုင်း အဲမဇွန်မြို့ ဘီလမ်မှာ ကျင်းပမယ့် COP30 ကုလသမဂ္ဂ ရာသီဥတု ထိပ်သီးအစည်းအဝေး မတိုင်ခင် အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013