
ဟေတီနိုင်ငံထဲမှာ ဂိုဏ်းတွေက ကလေးသူငယ်တွေကို စုဆောင်းမှု ကြီးထွားလာလို့ အရွယ်မရောက်သေးသူတွေ မလွှဲမရှောင်သာ ကြားညပ်နိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိတယောက်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
အသစ်ပြဋ္ဌာန်းထားတဲ့ တပ်ရဲ့ တစိတ်တပိုင်းအဖြစ် ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ လက်နက်ကိုင်ဝန်ထမ်းတွေကို လေ့ကျင့်ပေးမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။
အရွယ်မရောက်သေးသူတွေကို အုပ်စုဖွဲ့ဖို့ လူသစ်စုဆောင်းတာတွေ အခုနှစ်မှာ တိုးလာနေပြီး ၁၀ နှစ်အောက် ကလေးတွေက ဂိုဏ်းဝင်အားလုံးရဲ့ ထက်ဝက်အထိ ကိုယ်စားပြုနိုင်တယ်လို့ လက်တင်အမေရိကနဲ့ ကာရေဘီယံမှာရှိတဲ့ ကုလသမဂ္ဂ ကလေးစောင့်ရှောက်ရေးအဖွဲ့ကြီး UNICEF ရဲ့ ဒေသဆိုင်ရာဒါရိုက်တာ ရိုဘာတို ဘဲနက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်နက်တွေ အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ ဟေတီဂိုဏ်းတွေကြားက ပဋိပက္ခဟာ အခုတော့ မဟာမိတ်တခုတည်းရဲ့ နောက်ကွယ်မှာ အဓိကစုဖွဲ့နေပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခက နှစ်ပေါင်းများစွာ ပြင်းထန်လာခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကို ပြန်ဖွဲ့စည်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကင်ညာ ဦးဆောင်တဲ့ ကုလတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ်မှာ အမိန့်ပေးခဲ့ပေမဲ့ ထောက်ပံ့မှုမလုံလောက်ဘဲ ဂိုဏ်းတွေရဲ့ ထိုးစစ်ကို တောင့်ခံဖို့ လူအင်အားမလုံလောက်တဲ့အတွက် ထိန်းထားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
အင်အားပြန်ဖွဲ့စည်းဖို့ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့လမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ပုံစံအသစ်နဲ့ ဖွဲ့စည်းထားတဲ့ ဂိုဏ်းတွေကို နှိမ်နင်းရေးတပ်ဖွဲ့ဟာ အကောင်အထည်မပေါ်သေးတဲ့ များပြားလှတဲ့ ဆန္ဒအလျောက် ပံ့ပိုးကူညီမှုတွေ အပေါ်မှာလည်း အားကိုးမှာပါ။
ဘဲနက်စ်က “ဒီစစ်ဆင်ရေးကို တက်တက်ကြွကြွ ဆောင်ရွက်မယ့် ဘယ်သူ့ကိုမဆို မှန်မှန်ကန်ကန် လေ့ကျင့်သင်ကြားပေးတာ သေချာစေဖို့ မြေပြင်မှာ ခိုင်းစေမယ့် ယန္တရားတွေ အားလုံး ကျနော်တို့ဆီမှာ ရှိပါတယ်” လို့ ပြောပါတယ်။
ကလေးသူငယ်တွေကို လက်နက်တွေ အတင်းအကျပ် သယ်ခိုင်းတာ ဒါမှမဟုတ် စောင့်ကြည့်သူတွေ အဖြစ် အမှုထမ်းခိုင်းတာတို့အတွက် ရာနဲ့ချီတဲ့ လူသစ်စုဆောင်းမှုတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ UNICEF က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောပါတယ်။
အထူးသဖြင့် မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
ဟေတီကလေးသူငယ် ၄ ယောက်မှာ တယောက်ဟာ မကြာခဏဆိုသလို အဆောက်အဦတွေကို လက်လှမ်းမမီတာ၊ သိမ်းပိုက်ခံရတာနဲ့ ဒါမှမဟုတ် အကြမ်းဖက်မှုတွေကြောင့် မိသားစုတွေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းခံရတာတွေကြောင့် ကျောင်းထွက်ရတယ်လို့လည်း ဘဲနက်စ်က ပြောပါတယ်။
လောလောဆယ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အယောက် ၆၈၀,၀၀၀ ရှိပြီး မနှစ်က ကိန်းဂဏန်းထက် နှစ်ဆနီးပါး ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source: Reuters


