Home
နိုင်ငံတကာ
ဟေတီမြို့တော်၌ ဂိုဏ်းများထိန်းချုပ်မှုကြောင့် စာနာမှုအကူအညီများ တားမြစ်ခံနေရဟု ကုလပြော 
DVB
·
October 3, 2025
Photo: WFP

ဟေတီမြို့တော်ရဲ့ နေရာအများစုကို ဂိုဏ်းထိန်းချုပ်ထားမှုကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ရယူခွင့်ကို ကန့်သတ်ထားပြီး ငတ်မွတ်မှု အကျပ်အတည်းကို ပိုမိုနက်ရှိုင်းလာစေကာ စားနပ်ရိက္ခာစနစ်တွေကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း အောက်တိုဘာ ၂ ရက်မှာ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

မြို့တော် ပို့ထ်အောပရင့်စ်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ လက်နက်ကိုင်အုပ်စုတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး လယ်သမားတွေရဲ့ စျေးကွက်ရရှိရေးကို ဖြတ်တောက်ထားတာကြောင့် မိသားစုတွေရဲ့ အစားအစာ မလုံခြုံမှုတွေကို ပိုမိုဆိုးရွားစေပါတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုပါတယ်။

WFP ပြောရေးဆိုခွင့်ရှိသူ တန်ညာဘခ်ဘက်ခ်က “မြို့ထဲမှာ လှုပ်ရှားသွားလာရတာ ပိုခက်ခဲလာပြီး မြို့ကို လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ် ကန့်သတ်တာတွေလည်း ပိုများလာနေတာကြောင့် လူတွေလည်း စားနပ်ရိက္ခာရရှိဖို့ ပိုမိုခက်ခဲလာပြီ” လို့ ပြောပါတယ်။

ဒီအနီးအနားရပ်ကွက်တွေမှာ အရင်ကတည်းက သူတို့အိမ်ထဲမှာပဲ နေနေကြသူတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့လူတွေက လူဦးရေ ၁ ဒသမ ၃ သန်းလောက် ရှိတယ်လို့လည်း ဆိုပါတယ်။

နေရပ်ရှောင်တွေဟာ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရပြီး လူတွေထူထူထပ်ထပ် နေထိုင်နေကြတဲ့ စာသင်ကျောင်းတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ ခိုလှုံနေထိုင်ရတယ်လို့ WFP ကဆိုပါတယ်။

မိသားစုတွေရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တွေကို လျော့ပါးစေဖို့ ကြိုးပမ်းမှုအနေနဲ့ WFP ဟာ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေးနည်းလမ်းအဖြစ် ဆည်မြောင်း အခြေခံအဆောက်အဦတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ဂိုဏ်းတွေထိန်းချုပ်ထားတဲ့ စီတေး ဆိုလေး နယ်မြေမှာ စီမံကိန်းတခုကို စတင်ခဲ့ပါတယ်။

ဩဂတ်စ်တင်အမည်ရှိ ဂိုဏ်းအဖွဲ့ဝင်တယောက်ကတော့ WFP ကို ဒီအသိုက်အဝန်းက လူတွေကို အကူအညီပေးစေချင်လို့ သဘောတူထားခဲ့ပြီး အဲဒါကြောင့် လူတွေပါဝင်လာဖို့ကို လှုံ့ဆော်ခဲ့တာလို့ ပြောပါတယ်။

အစပိုင်းမှာတော့ လုံခြုံရေးပြဿနာက ဘယ်လောက်ထိပြင်းထန်တယ်ဆိုတာ မသိထားဘူး လို့လည်း ဆိုပါတယ်။

“ဟေတီနိုင်ငံဟာ အမေရိကတိုက်အနှံ့မှာ တခုတည်းသောနိုင်ငံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အစားအစာလုံခြုံရေး အဆင့်ခွဲခြားတဲ့စနစ်ထဲမှာ အပြင်းထန်ဆုံးအဆင့် ၅ ကို ရင်ဆိုင်နေရတဲ့ ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၅ နိုင်ငံထဲက တနိုင်ငံဖြစ်ပြီး အခုအခြေအနေကလည်း လုံးဝကို အငတ်ဘေး ဆိုက်ရောက်နေတဲ့ အခြေအနေအတိုင်းပါပဲ” လို့ WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013