Home
နိုင်ငံတကာ
အိုးအိမ်စွန့်ခွာသွားသည့် ဟေတီနိုင်ငံသားများ အိမ်မပြန်မီ လုံခြုံရေး အာမခံချက်ရှိရန် တိုက်တွန်း
DVB
·
September 15, 2025
Photo: Reuters

ဟေတီနိုင်ငံရဲ့မြို့တော် ပို့ထ်အောပရင့်စ်မှာရှိတဲ့ ဆိုလီနိုရပ်ကွက်က ရွှေ့ပြောင်းနေထိုင်သူတွေက လက်နက်ကိုင်အဖွဲ့ ဗစ်ဗ်အန်စန်ရဲ့ အကြမ်းဖက်တိုက်ခိုက်တာ ခံရပြီးနောက် တနှစ်နီးပါးအကြာအထိ ဆိုးရွားတဲ့ အခြေအနေမှာ နေနေကြရပြီး အိမ်မပြန်ခင်မှာ အစိုးရက သူတို့အတွက် လုံခြုံရေး အာမခံချက်ပေးဖို့ တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်က အသေအပျောက်များတဲ့ တိုက်ခိုက်မှုအတွင်း အရပ်သားတွေနဲ့ ရဲအရာရှိတွေ အများအပြား သေဆုံးခဲ့ရကာ ပြည်သူတွေက သူတို့အိမ်တွေကနေ ထွက်ပြေးပြီး ယာယီစခန်းတွေမှာ ခိုလှုံနေခဲ့ရတာပါ။

လူဆိုးဂိုဏ်းတွေက အိမ်တွေကို လုယက်ရင်း အဆောက်အအုံတွေကို မီးတင်ရှို့ပြီး လမ်းတလျှောက် အရာအားလုံးကို ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ကင်ညာဦးဆောင်တဲ့ MSS (နိုင်ငံစုံ လုံခြုံရေးပံ့ပိုးကူညီမှု) မစ်ရှင်ကနေ ပံ့ပိုးကူညီခဲ့ပေမဲ့ ဟေတီအမျိုးသားရဲတပ်ဖွဲ့က မြို့တော်ကို ပြန်ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။

ခုသီတင်းပတ်အစောပိုင်းမှာ အထင်ကရဂိုဏ်းခေါင်းဆောင် ဂျင်မီဘာဘီကျူး ချေရိုက်ဇာက သူ့စစ်သားတွေကို မြို့တော်အရှေ့မြောက်ဘက်က ရပ်ကွက်အများအပြားကနေ ပြန်ရုပ်သိမ်းခဲ့လို့ အရင်က နေထိုင်သူတွေကို ကိုယ့်အိမ်ကိုယ် ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ လူတော်တော်များများက အိမ်ပြန်ဖို့ ကြောက်ရွံ့နေကြပြီး အရာအားလုံး ဆုံးရှုံးသွားပြီလို့ ပြောနေကြပါတယ်။

လက်နက်ကိုင်ဂိုဏ်းတွေကို တိုက်ခိုက်နေရင်း ဟေတီနိုင်ငံအတွက် ရုန်းကန်နေရတဲ့ နိုင်ငံတကာတပ် အင်အားကို မြှင့်တင်၊ တိုးချဲ့ဖို့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာ စပြီး ဆွေးနွေးခဲ့ပေမဲ့ အဆိုပြုချက်တွေက မရှင်းလင်းနေဘူးလို့ ဟေတီလုံခြုံရေး ကျွမ်းကျင်သူတချို့က ပြောပါတယ်။

လက်နက်ကိုင်ဂိုဏ်းတွေဟာ ဟေတီနိုင်ငံရဲ့ မြို့တော် ပို့ထ်အောပရင့်စ် တမြို့လုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပဋိပက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ လူပေါင်း ၁ ဒသမ ၃သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

လူထောင်ပေါင်းများစွာ သေဆုံးပြီး အငတ်ဘေးအဆင့်ထိ ရောက်တဲ့ ငတ်မွတ်ခေါင်းပါးမှု အဆင့်အထိ ဖြစ်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီမှာ အမေရိကန်နဲ့ ပနားမားတို့က တင်ပြတဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ လက်ရှိမှာ ရန်ပုံငွေနည်းပြီး လူအင်အားလျော့နေတဲ့ နိုင်ငံစုံလုံခြုံရေးပံ့ပိုးကူညီမှုမစ်ရှင်ကို ဂိုဏ်းနှိမ်နင်းရေးတပ်ဖွဲ့အဖြစ် ကူးပြောင်းဖို့ ရည်ရွယ်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013