
ဟေတီနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေဟာ ကလေးတွေကို ဂိုဏ်းဝင်အဖြစ် စုဆောင်းမှုမှာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ (UNICEF) အကြီးအကဲက ကုလသမဂ္ဂ ကောင်စီကို သြဂုတ် ၂၈ ရက်က ပြောပါတယ်။
၂၀၂၅ ခုနှစ် ပထမ ၃ လမှာ ဂိုဏ်းတွေရဲ့ ကလေးစုဆောင်းမှုနဲ့ အသုံးပြုမှုဟာ ၇၀၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။
ယူနီဆက်ဖ် အမှုဆောင်ဒါရိုက်တာ ကက်သရင်း ရပ်ဆဲလ်က “ဒီကနေ့ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ထိတ်လန့် အံ့ဩစရာ ကောင်းလောက်အောင် ကလေးတွေဖြစ်နေတယ် ဆိုတာကို ခန့်မှန်းမိပါတယ်” လို့ ပြောပါတယ်။
ကက်သရင်း ရပ်ဆဲလ်က “လက်နက်ကိုင်တိုက်ခိုက်မှုတွေမှာ ကလေးတွေကို တိုက်ရိုက်ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရတယ်၊ တချို့ကလေးတွေကိုတော့ လမ်းပြတွေအဖြစ်၊ စောင့်ကြည့်သူတွေအဖြစ်၊ လက်နက်သယ်ဆောင်ပေးဖို့ အထမ်းသမား သို့မဟုတ် အိမ်အကူလုပ်အားအတွက် ခေါင်းပုံဖြတ်သူတွေအဖြစ် အသုံးချခံနေရပြီး ဒီလုပ်ရပ်တွေကြောင့် သူတို့ကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့ကို ဆိုးဆိုးရွားရွား ဖြစ်စေတယ်” လို့ ဆိုပါတယ်။
သူ ဟေတီကို ရောက်ရှိချိန်မှာ ကလေးတွေဟာ မကြုံစဖူးအဆင့်အထိ ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံနေရတာကို တွေ့ခဲ့ရကြောင်းနဲ့ ၂၀၂၄ ခုနှစ်မှာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တိုင်ကြားခံရမှု အရေအတွက်ဟာ အရင်နှစ်ထက် ၁၀၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းလည်း ယူနီဆက်ဖ် အမှုဆောင်ဒါရိုက်တာ ကက်သရင်း ရပ်ဆဲလ်က ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်က ဟေတီမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့က ကလေးတွေအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှုပေါင်း ၂,၀၀၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။ ဒါဟာ အရင်နှစ်ထက် ၅၀၀ ရာခိုင်နှုန်းနီးပါး တိုးလာတာ ဖြစ်ပြီးတော့ ချိုးဖောက်မှုနှုန်းက ၂၀၂၅ ခုနှစ်အထိ ဆက်ရှိလာခဲ့တာ။”
ကြာသပတေးနေ့မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဟေတီဂိုဏ်းတွေကို လက်နက်ပိတ်ဆို့မှုကို ပိုပြင်းပြင်းထန်ထန် အရေးယူခြင်း အပါအဝင် အားကောင်းတဲ့ အထောက်အပံ့တွေ ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
တာဝန်လွှဲပြောင်းရေး သဘောတူညီချက်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အကောင်အထည်ဖော်ဖို့ အာဏာပိုင်တွေ အားလုံးကို တိုက်တွန်းခဲ့ပြီးတော့ လက်နက်ကိုင်အုပ်စုတွေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့တွေကိုလည်း ကလေးတွေကို ထိန်းသိမ်းထားတာကို အဆုံးသတ်ဖို့၊ လိင်အကြမ်းဖက်မှုမှ လွတ်မြောက်လာသူတွေ အပါအဝင် အထူးတလည် ဝန်ဆောင်မှုတွေကို ရရှိစေဖို့၊ ကျူးလွန်သူအားလုံးအတွက် တာဝန်ခံစီရင်မှု အာမခံချက်နဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေး ဆောင်ရွက်ဖို့ကိုလည်း ကုလကောင်စီကို တောင်းဆိုထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ ကိုင်ဆောင်ထားတဲ့ သေနတ်အများစုဟာ ဖလော်ရီဒါမှ မှောင်ခိုကူးခံရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အမေရိကန်နဲ့ ပနားမားတို့ဟာ ဟေတီရှိ အင်အားကြီး လက်နက်ကိုင်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တွန်းအားပေးနေချိန်မှာပဲ သူတို့ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Source: Reuters