
ဟေတီနိုင်ငံမှာ ရာဇ၀တ်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး နိုင်ငံရဲ့ အခွန်ကောက်ခံမှုစနစ်ကို ပြန်လည် ထူထောင်မယ့် အခန်းကဏ္ဍ တခုမှာ ပါဝင်ဆောင်ရွက်ဖို့ အမေရိကန်ရေတပ်အထူး စစ်သားဟောင်း ဖြစ်တဲ့ ပုဂ္ဂလိကလုံခြုံရေးအမှုဆောင် အဲရစ်ခ်ပရင့်စ်ဟာ ၁၀ နှစ်စာ သဘောတူစာချုပ် ချုပ် လိုက်ကြောင်း ပြောပါတယ်။
ဟေတီနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ တည်ငြိမ်သွားပြီဆိုရင် သူ့ရဲ့ ဗက်တပ်စ်ဂလိုဘယ် ကုမ္ပဏီဟာ ဒိုမီနီကန် သမ္မတနိုင်ငံနဲ့ ထိစပ်နေတဲ့ ဟေတီနယ်စပ်တလျှောက် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို အခွန်ကောက်ခံမယ့် အစီအစဉ်ကို ဒီဇိုင်းဆွဲကာ အကောင်အထည်ဖော်ရာမှာ ပါဝင်မှာဖြစ်တယ်လို့ ရိုက်တာနဲ့ အင်တာဗျူးမှာ ဒေါ်နယ်လ်ထရမ့်ပ် ထောက်ခံသူလည်းဖြစ်တဲ့ အဲရစ်ခ်ပရင့်စ် က ပြောပါတယ်။
လူဆိုးဂိုဏ်းတွေဆီမှ အဓိကလမ်းမကြီးတွေနဲ့ နယ်မြေတွေကို ၁ နှစ်အတွင်း ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူကဆိုပါတယ်။
ဟေတီအစိုးရက ဗက်တပ်စ် ဂလိုဘယ်ကုမ္ပဏီကို ဘယ်လောက်ပေးမလဲ၊ ဟေတီမှာ အခွန် ဘယ်လောက် ကောက်ခံဖို့မှန်းထားလဲ ဆိုတာတော့ အဲရစ်ခ်ပရင့်စ်က မှတ်ချက် မပေးပါဘူး။
ဟေတီ အသွင်ကူးပြောင်းရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌသစ် လိုရန် ဆန်စီယာက မှတ်ချက် ပေးဖို့ တောင်းဆိုချက်တွေကို တုံ့ပြန်ခြင်း မရှိပါဘူး။
ကောင်စီဥက္ကဋ္ဌဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို တုံ့ပြန်ခြင်း မရှိပါဘူး။
ဗက်တပ်စ်ဂလိုဘယ် ကုမ္ပဏီဟာ မတ်လက ဟေတီမှာ စတင် လုပ်ငန်းလည်ပတ်ခဲ့ပြီး အဓိကအားဖြင့် ဒရုန်းတွေကို နေရာဖြန့်ချထားရေးကို ဝန်ကြီးချုပ် ဦးဆောင်တဲ့ အလုပ်အဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမဲ့ ရေရှည်ဆက်ဆံမှုနဲ့ အခွန်ကောက်ခံမှုထဲ ပါဝင်ပတ်သက်မှုကိုတော့ အရင်က သတင်း မထုတ်ခဲ့ပါဘူး။
ဗက်တပ်စ်လုံခြုံရေးကုမ္ပဏီဟာ ဟေတီရဲတပ်ဖွဲ့နဲ့ညှိနှိုင်းပြီး လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ဟေတီနိုင်ငံ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားတဲ့ ရာဇ၀တ်ဂိုဏ်းတွေကို အရှိန်မြှင့် တိုက်ခိုက်မှာဖြစ်ကြောင်း ဟေတီရှိ ဗက်တပ်စ်ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ နီးစပ်သူ တဦးက ရိုက်တာကို ပြောပါတယ်။
စနိုက်ပါသမားတွေ၊ ထောက်လှမ်းရေးနဲ့ ဆက်သွယ်ရေးပိုင်းအထူးကျွမ်းကျင်သူတွေအဖြစ် လေ့ကျင့်ပေးထားတဲ့ အမေရိကန်၊ ဥရောပနဲ့ အယ်လ်ဆာဗေးဒေါတို့မှ ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေအပြင် ရဟတ်ယာဉ်တွေနဲ့ သင်္ဘောတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဗက်တပ်စ် တပ်ဖွဲ့ထဲမှာ ပြင်သစ် စကားနဲ့ ဟေတီမှာ အများဆုံးပြောကြတဲ့ ခရီးအိုးလ် ဘာသာစကား ပြောနိုင်သူတွေလည်း ပါဝင်တယ်လို့ အဲဒီပုဂ္ဂိုလ် က ပြောပါတယ်။
Source:Reuters