
လန်ဒန်မြို့ပေါ်မှာ လူ ၁၀၀,၀၀၀ ကျော်ဟာ ဗြိတိန်အလံများ ကိုင်ဆောင်ပြီး ရွှေ့ပြောင်းတွေ လာရောက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြပါတယ်။
ဒါဟာ ရွှေ့ပြောင်းအရေး ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ တွမ်မီရော်ဘင်ဆင်က စီစဉ်ခဲ့တာဖြစ်ပြီး ခေတ်သစ် ဗြိတိန်မှာ လက်ယာစွန်းတွေ အင်အား အများဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်သူတယောက်က “နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းတွေကို ရပ်တန့်ဖို့ လိုအပ်ပါပြီ။ ဒါက ကျမတို့ကို ထိခိုက်စေပါတယ်” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ရော်ဘင်ဆင်ရဲ့ ချီတက်ဆန္ဒပြပွဲဟာ လူ ၁၁၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းတွေ တရားမဝင် ဝင်ရောက်တာကို ဆန္ဒပြနေကြသလို လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လူ ၅၀၀၀ လောက်ကလည်း တန်ပြန် ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းအရေး ဆန္ဒပြသူတွေဟာ လန်ဒန်မြို့လယ်ကို လမ်းလျှောက်ချီတက်ခဲ့တာဖြစ်ပြီး အင်အား ၁၅၀,၀၀၀ အထိ တိုးလာခဲ့ကာ ရဲအရာရှိ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီလို ဆန္ဒဖော်ထုတ်ချိန်မှာ လုံခြုံရေးယူနေတဲ့ ရဲတွေကို ပုလင်းတွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့လို့ ရဲတွေ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
လန်ဒန်မြို့အလယ်ပိုင်းမှာ ရဲအင်အား ၁,၀၀၀ ချထားခဲ့ရပြီး လက်စတာ၊ နော်တင်ဟမ်၊ ဒီဗွန်နဲ့ ကွန်ဝေါလ်တို့က ရဲအရာရှိ ၅၀၀ ထပ်မံအင်အား ဖြည့်တင်းခဲ့ရပါတယ်။
ဗြိတိန်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးက အဓိကကျတဲ့ နိုင်ငံရေးပြဿနာတခု ဖြစ်လာပါတယ်။ ဗြိတိန်မှာ နိုင်ငံသား ခိုလှုံခွင့် စံချိန်တင်မြင့်တက်လာသလို စီးပွားရေးကို ထိခိုက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒီနှစ်အတွင်း လှေငယ်လေးတွေနဲ့ လာရောက်တဲ့ ရွှေ့ပြောင်း ၂၈,၀၀၀ ကျော် ရှိလာပါတယ်။
Source: Reuters