Home
နိုင်ငံတကာ
ဆန္ဒပြပွဲ ရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းရန် နီပေါစစ်တပ်အကြီးအကဲ တောင်းဆို
DVB
·
September 10, 2025
Photo: REUTERS/Navesh Chitrakar

နီပေါဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားအပြီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြသူတွေအနေနဲ့ ဆန္ဒပြပွဲ အစီအစဉ်တွေကို ရပ်တန့်ဖို့နဲ့ စကားဝိုင်းတွေမှာ ပါဝင်ညှိနှိုင်း ဆွေးနွေးကြဖို့ နီပေါစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အာရွှတ်ခ်ရာ့ဂျ်ဆစ်ဂ်ဒဲလ်က စက်တင်ဘာ ၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

“နီပေါနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုအတွင်းမှာ ပြန်ပြုပြင်လို့မရနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက် ငြိမ်းချမ်းရေးကိုလည်း တောင်းဆိုချင်ပါတယ်။ ကျန်ရစ်သူမိသားစုတွေအတွက်လည်း နီပေါတပ်မတော်က စာနာဝမ်းနည်းပါကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အမြန်ပြန်ကောင်းလာဖို့လည်း ဆုတောင်းပါတယ်” လို့ ဗိုလ်ချုပ်ကြီး ဆစ်ဂ်ဒဲလ်က ပြောကြားပါတယ်။

“လက်ရှိ ခက်ခဲနေတဲ့ အခြေအနေတွေကို ဖြေလျှော့ဖို့၊ နိုင်ငံတော်အမွေအနှစ်တွေ၊ အများပိုင်နဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ၊ ဘုံနိုင်ငံသား၊ သံတမန်ဝန်ထမ်းတွေနဲ့ ပြည်သူကို လုံခြုံမှုပေးဆောင်ဖို့ကို  အဓိက ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ဒါကြောင့် ဒီတိုင်းပြည်ကို ဒီအခြေအနေဆိုးကနေ ငြိမ်းချမ်းစွာ ရုန်းထွက်နိုင်ရေးအတွက် ဆန္ဒပြမယ့် အစီအစဉ်တွေကို ဖျက်သိမ်းပေးဖို့နဲ့ ပါဝင်ဆွေးနွေးကြဖို့တွေကို တောင်းဆိုချင်ပါတယ်။”

ဆိုရှယ်မီဒီယာကို ပိတ်ပင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေအတွင်း လူ ၁၉ ယောက် သေဆုံးခဲ့ပြီး တရက်အကြာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆန္ဒပြသူတွေဟာ ရက်အကန့်အသတ်မရှိ ညမထွက်ရအမိန့်ကို ဖီဆန်ကာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာကြောင့် ဝန်ကြီးချုပ် အိုလီဟာ အင်္ဂါနေ့မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

အဲဒီသတင်းကြားချိန်မှာ ဆန္ဒပြသူတွေဟာ လွှတ်တော်ထဲကို ဝင်ရောက်ခဲ့ကြပြီး အဆောက်အအုံရဲ့ အစိတ်အပိုင်းတွေကနေ မီးခိုးတွေ ထွက်ပေါ်နေချိန်မှာ သူတို့ဟာ လေထဲကို လက်တွေ ဝှေ့ယမ်းခဲ့ပြီးတော့ ကြွေးကြော်သံတွေကို အော်ဟစ်နေကြပါတယ်။

စက်တင်ဘာ ၈ ရက်မှာ ဆန္ဒပြမှုတွေ ပြင်းထန်လာပြီးနောက် အိုလီရဲ့ အစိုးရဟာ တားမြစ်ချက်ကို ပြန်ရုပ်သိမ်းခဲ့ပြီး ပါလီမန်ကို ဝင်စီးနင်းဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အင်္ဂါနေ့မှာ ဆန္ဒပြပွဲတွေက ရပ်တန့်မသွားခဲ့ဘဲ အိုလီကို ရာထူးနုတ်ထွက်ခိုင်းခဲ့ပြီး နီပေါနိုင်ငံဟာ နိုင်ငံရေး မသေချာမရေရာမှုအသစ်ထဲ ရောက်ရှိခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013