
နီပေါနိုင်ငံမှာ လူမှုကွန်ရက်ပိတ်ပင်မှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၈ ရက်က မြို့တော် ခတ္တမန္ဒူမှာ ‘Gen Z’ လူငယ်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာမှာ လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆန္ဒပြသူ အများစုက လူငယ်တွေဖြစ်ပြီး စစ်တပ်က တပ်စွဲထားတဲ့ လွှတ်တော်ဆီ သွားရောက် ချီတက် ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေဟာ အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှုကို ရှုတ်ချဖို့နဲ့ ဆိုရှယ်မီဒီယာကို ပိတ်ပစ်တာကို ဆန့်ကျင်ဖို့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး လွှတ်တော်အဆောက်အအုံထဲကို အတင်းအကျပ် ဝင်ရောက်ခဲ့ကြပါတယ်။
လွှတ်တော်ကို စောင့်ကြပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို လူငယ်တွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး လူနာတင်ယာဉ်နဲ့ လုံခြုံရေးဝန်ထမ်း အဆောက်အဦကို မီးတင်ရှို့ ခဲ့ကြပါတယ်။
အကျင့်ပျက်ခြစားမှုကို ပိတ်ပြီး ဆိုရှယ်မီဒီယာကို မပိတ်ပါနဲ့၊ ဆိုရှယ်မီဒီယာကို မတားမြစ်ပါနဲ့၊ လူငယ်တွေက အဂတိလိုက်စားမှုဆန့်ကျင်တယ် စတဲ့ ဆောင်ပုဒ်တွေပါတဲ့ အလံတွေနဲ့ စာတန်းတွေကို ဆန္ဒပြသူ အများစုက ကိုင်ဆောင်ထားကြပါတယ်။
ရဲတပ်ဖွဲ့ဝင် ၂၈ ယောက် အပါအဝင် လူ ၁၀၀ ကျော်က သူတို့ရဲ့ ဒဏ်ရာတွေအတွက် ဆေးကုသမှု ခံယူနေတယ်လို့ ရဲအရာရှိ ရှိတ်ခါခန်နယ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဆန္ဒပြသူတွေက ဒဏ်ရာရသူတွေကို မော်တော်ဆိုင်ကယ်နဲ့ ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
အရှေ့ပိုင်း အစ်တာဟာရီမြို့မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာချိန် နောက်ထပ် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စီးပွားရေးအခွင့်အလမ်းတွေ မြှင့်တင်ဖို့ အစိုးရရဲ့ လုပ်ဆောင်ချက် ကင်းမဲ့နေတဲ့ လူငယ်တွေရဲ့ ကျယ်ပြန့်တဲ့ မကျေနပ်ချက်ကို ထင်ဟပ်နေလို့ ဆန္ဒပြပွဲတွေကို စီစဉ်သူတွေက Gen Z ဆန္ဒပြပွဲတွေလို့ ခေါ်ဝေါ်ကြပါတယ်။
အမုန်းစကားနဲ့ သတင်းအတုတွေ ပျံ့နှံ့လေ့ရှိတဲ့ မဟုတ်မမှန်တဲ့ လူမှုကွန်ရက်အကောင့်တွေ အပါအဝင် အလွဲသုံးစားလုပ်ရပ် နှိမ်နင်းမှုမှာ အာဏာပိုင်တွေဆီ မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် အစိုးရက ဖေ့စ်ဘွတ်ခ် အပါအဝင် လူမှုမီဒီယာ ပလက်ဖောင်း အများအပြားကို ဝင်ကြည့်ရှုခွင့်ကို ပိတ်ပင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Source: Reuters