Home
နိုင်ငံတကာ
ဘော့စနီးယား ကုန်တင်ယာဉ်မောင်းသမားများ လမ်းပိတ်ဆို့ဆန္ဒပြ
DVB
·
September 3, 2025
Photo: REUTERS/Amel Emric

ဘော့စနီးယားအစိုးရရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ပံ့ပိုးပေးဖို့ ပျက်ကွက်နေမှုအပေါ် ဘော့စနီးယား ကုန်တင်ထရပ်ကား ယာဉ်မောင်းတွေဟာ ကုန်ပစ္စည်းအားလုံးရဲ့ အသွားအလာကို စက်တင်ဘာ ၁ ရက်မှာ ပိတ်ဆို့ ဆန္ဒပြခဲ့ပါတယ်။

မြို့တော် ဆာရာယေဗိုအပါအဝင် ခရိုအေးရှားနဲ့ ဆားဘီးယားနယ်စပ်အနီးမှ မြို့အများအပြားရှိ ကုန်တင်အကောက်ခွန်ဂိတ်တွေအနီးမှာ ထရပ်ကားအစီးရေ ၆၀၀ လောက် ရပ်နားထားပါတယ်။ ခရီးသည်အသွားအလာတော့ ပိတ်ဆို့ခြင်း မရှိပေမဲ့ နှေးကွေးသွားတယ်လို့ ဘော့စနီးယား မော်တော်ယာဉ်အသင်း BIHAMK က ပြောပါတယ်။ 

အလုပ်သမားပေါင်း ၄၇,၀၀၀ နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အုပ်စုဖွဲ့ထားတဲ့ ကုမ္ပဏီပေါင်း ၆၀၀ ကို ကိုယ်စားပြုထားတဲ့ လောဂျစ်စတီကာ အဖွဲ့ဟာ ဘော့စနီးယား အစိုးရဌာန အလွှာအများအပြားနဲ့ လအတန်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဘာရလဒ်တွေမှ ထွက်ပေါ်မလာတဲ့နောက်မှာ "တော်လောက်ပြီ" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တာဖြစ်ကြောင်း အဲဒီအဖွဲ့အစည်းက ပြောဆိုပါတယ်။ 

လောဂျစ်စတီကာ အဖွဲ့ဟာ ဗဟိုအစိုးရကို အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးတွေနဲ့ အခွန်တွေ အလွန်အကျွံ ဖြစ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းပေးစေလိုတာဖြစ်ပါတယ်။

ယူရို ၄ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၅ ဒသမ ၅၀ ဘီလီယံ) လောက်ရှိနေတဲ့ အခွန်ပမာဏဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ ရှင်သန်မှုကိုတောင် အန္တရာယ်ဖြစ်စေလောက်အောင် များပြားလွန်းနေတယ်လို့ ဆိုပါတယ်။

အဓိကပြဿနာတခုကတော့ ဘော့စနီးယား ထရပ်ကားယာဉ်မောင်းတွေ အနေနဲ့ ဥရောပသမဂ္ဂအတွင်းမှာ မထွက်ခွာဘဲ နေနိုင်တဲ့ အချိန်ပမာဏကို ဥရောပသမဂ္ဂက နှစ်စဉ် ရက်ပေါင်း ၁၈၀ ခွင့်ပြုထားတာကနေ ရက်ပေါင်း ၉၀ ပဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ထရပ်ကား ယာဉ်မောင်းတွေဟာ လောင်စာဆီအပေါ် အခွန်ပြန်အမ်းပေးဖို့နဲ့ နယ်စပ် လုပ်ထုံးလုပ်နည်းတွေကို အချိန်ပိုတိုစေချင်ကြတဲ့အပြင် ကြိုးနီစနစ်နဲ့ အချိန်အကြာကြီး တန်းစီရမှာတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် ပိုကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်စနစ်ကို လိုလားကြပါတယ်။

ဘော့စနီးယားနိုင်ငံ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးတွေနဲ့ လုပ်ထုံးလုပ်နည်းတချို့ကို စတင်ကိုင်တွယ်နေပြီဖြစ်ပြီး နောက်လမှာ ပြီးစီးအောင်လုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013