
နီပေါနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ အစိုးရရဲ့ လူမှုကွန်ရက်တွေ ပိတ်ပင်မှုကို အကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ Gen Z ဆန္ဒပြပွဲတွေမှာ လူ ၁၉ ယောက် သေဆုံးခဲ့ပြီး တရက်အကြာမှာပဲ ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
ဒါပေမဲ့ မြို့တော် ခတ္တမန္ဒူမှာတော့ ကာဖျူးအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ချမှတ်ခဲ့တဲ့ လူမှုကွန်ရက်ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီး ရစ်ဗီ ဆူဘာ ဂူရန်က အတည်ပြုပါတယ်။
“လူမှုကွန်ရက်ပိတ်ထားတာကို ကျနော်တို့ ရုပ်သိမ်းလိုက်ပါပြီ။ အခု ပြန်သုံးလို့ရနေပါပြီ” လို့ ဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ နီပေါနိုင်ငံအတွင်း ဆိုရှယ်မီဒီယာ app တွေ အားလုံး ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ရိုက်တာက အတည်ပြုနိုင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ခတ္တမန္ဒူမြို့တော် ဧရိယာအတွင်းမှာ အချိန်အကန့်အသတ်မရှိ ကာဖျူးအမိန့် ထုတ်ပြန်ထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ချာဘီလာ ရီဂျယ်က ပြောပါတယ်။ နောက်ထပ် ဆန္ဒပြပွဲတွေ မဖြစ်အောင် ရည်ရွယ်ပြီး အခုလို ကာဖျူးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
တနင်္လာနေ့က သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲတွေလုပ်ဖို့ ဆန္ဒပြသူတွေက တိုက်တွန်းနှိုးဆော်ထားချိန်မှာ ကာဖျူးအမိန့် ထွက်လာတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ ကတော့ “အခွင့်အရေးသမားတွေ ဝင်နှောင့်လို့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် ဝမ်းနည်းမိကြောင်း” ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေကို အစိုးရက ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး ဒဏ်ရာရသူတွေကိုလည်း အခမဲ့ ဆေးကုသပေးသွားမယ်လို့ သူကဆိုပါတယ်။
Source:Reuters