Home
မြန်မာသတင်း
မဲပေးစက်သင်တန်းတက်သည့်ပုံများ လူမှုကွန်ရက်မတင်ရန် ပညာရေးဌာန ညွှန်ကြား
DVB
·
July 19, 2025

မဲပေးစက်သင်တန်းတက်နေတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ လုံခြုံရေးအခြေအနေကြောင့် လူမှုကွန်ရက်မှာ ပုံတွေမတင်ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

သင်တန်းတက်နေတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ သင်တန်းတည်နေရာ၊ သတင်းအချက်အလက်နဲ့ ပါဝင်သူအင်အားတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မဖြန့်ဝေကြဖို့ ဇူလိုင် ၁၆ ရက်က ညွှန်ကြားလိုက်တာလို့ ဆရာမတယောက်က DVB ကို ပြောပါတယ်။

“မဲပေးစက်သင်တန်းက တနိုင်ငံလုံးပေးနေတာဆိုတော့ ဆရာ၊ ဆရာမတိုင်း တက်ရတယ်။ အေးချမ်းတဲ့နေရာတွေက ပြဿနာမရှိပေမဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေကျတော့ အန္တရာယ်ရှိတယ်။ စစ်တပ်က လုံခြုံရေးအပြည့်အဝမပေးနိုင်ဘူး။ ဒါကြောင့် သင်တန်းပေးတဲ့နေရာကို မတင်ခိုင်းတာ ကိုယ်ဖြစ်ကိုယ်ခံရမှာ” လို့ ပြောပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကိုလက်မခံတဲ့ မြို့နယ်တွေရှိပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေကို ခြိမ်းခြောက်ခံရတာတွေ ရှိတဲ့အတွက် ညွှန်ကြားစာထုတ်ထားတာလို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“အချို့က ပြောင်းရွှေ့နဲ့ ပဋိပက္ခဖြစ်နေတဲ့ မြို့တွေရောက်လာတယ်။ မြို့ရဲ့အထာမသိဘဲ ဖြစ်သမျှအကြောင်းစုံ လိုင်းပေါ်တင်တာ။ အခုချိန်ထိ ရွေးကောက်ပွဲလက်မခံတဲ့ မြို့နယ်တွေရှိတယ်။ ဆရာ၊ ဆရာမတွေ ခြိမ်းခြောက်ခံရတာ၊ ဖမ်းဆီးခံရတာတွေရှိတယ်။ အဲလို မြို့နယ်တွေအတွက် ညွှန်ကြားတာ” လို့ ရှင်းပြပါတယ်။

ဇူလိုင် ၁၄ ရက်ကစပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ အီလက်ထရောနစ် မဲပေးစက်သင်တန်းကို မဲရုံအနည်းအများအလိုက် မူတည်ပြီး သင်တန်းပေးနေတာပါ။

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်သွားမယ်လို့ စစ်ခေါင်းဆောင်က မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013