
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်ကျော်အရွယ် ကလေးငယ်တယောက်ကို အသတ်ခံထားရတဲ့ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နောင်နန်းကျေးရွာ၊ နယ်မြေ ၂ မှာနေထိုင်တဲ့ မလဘူမေရီ နန်ဇင်ဟာ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီကျော်ကျော်လောက်မှာ ပျောက်ဆုံးသွားခဲ့ပြီး စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က နေအိမ်နဲ့ မလှမ်းမကမ်း ဝါးရုံရှိတဲ့ ချုံတောဘေးမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “ရွာထဲက အဖွားတယောက်က ယင်ကောင်တွေဝဲပြီး အနံ့ထွက်နေတဲ့အတွက် သွားကြည့်လိုက်တော့ အင်္ကျီကို အရင်လှမ်းတွေ့တာ။ သေသေချာချာ သွားကြည့်လိုက်တော့မှ ပျောက်နေတဲ့ကလေးဖြစ်နေတာ။ ကလေးက ကျောင်းကအပြန်မှာ ပျောက်သွားတာ” လို့ ပြောပါတယ်။
သေဆုံးလျက်ပြန်တွေ့ရှိတဲ့ ကလေးရဲ့ရုပ်အလောင်းဟာ ပုပ်ပွတဲ့အထိဖြစ်နေတဲ့အတွက် ကူညီကယ်ဆယ်ရေးသမားတွေက အလောင်းကို ခက်ခက်ခဲသယ်ယူခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံကူညီကယ်ကယ်ရေးအဖွဲ့ဝင်တယောက်က “တွေ့ရှိတဲ့ အလောင်းကတော့ ပျောက်ဆုံးနေတဲ့ ကလေး မှန်ကန်ပါတယ်။ ကိုယ်လက်အင်္ဂါအချို့ မစုံလင်တော့တဲ့ အနေအထားနဲ့ တွေ့ရတာ” လို့ ပြောပါတယ်။
သေဆုံးလျက်တွေရှိရတဲ့ ကလေးဟာ KG တန်းတက်နေတဲ့ကလေးဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ ၃ ရက်ကြာပျောက်ဆုံး နေတဲ့ ဆယ်တန်းကျောင်းသားကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။


