
စပိန်ရဲတပ်ဖွဲ့ဟာ မြို့ကြီး ၅ မြို့မှာ စီးနင်းမှုတွေလုပ်ခဲ့အပြီးမှာ စပိန်နိုင်ငံမှာ စုံစမ်းတွေ့ရှိခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံမှ ထရန်းဒီ အာရဂွါရာဇဝတ်ဂိုဏ်းရဲ့ ပထမဆုံး လျှို့ဝှက်အဖွဲ့နဲ့ ဆက်စပ်နေသူ ၁၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ နိုဝင်ဘာလ ၇ ရက်မှာ ပြောပါတယ်။
ဗင်နီဇွဲလား အကျဉ်းထောင်တွေကနေ အစပြုဖွဲ့စည်းခဲ့တဲ့ ထရန်းဒီအာရဂွါဂိုဏ်းဟာ လက်တင်အမေရိကရဲ့ အကြမ်းရမ်းဆုံး နိုင်ငံတကာရာဇ၀တ်ဂိုဏ်းကွန်ရက်တွေထဲက တခုအဖြစ် ကြီးထွားလာခဲ့ပြီး မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေညှစ်မှုတွေနဲ့ ဆက်စပ်နေပါတယ်။
ဒီနှစ်မှာ အမေရိကန်က အဲဒီဂိုဏ်းရဲ့ ဒေသတွင်းကို ကျော်လွန်တဲ့ သြဇာလွှမ်းမိုးမှုကို ကိုးကားပြီး ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
စပိန်နိုင်ငံအတွင်းမှာ အဲဒီအဖွဲ့ဟာ သူတို့လုပ်ငန်းတွေကို တိုးချဲ့ဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေအရ စုံစမ်းစစ်ဆေးမှုတွေအတွင်း ဘာစီလိုနာ၊ မက်ဒရစ်၊ ဂျီရိုနာ၊ လာကိုရူနာနဲ့ ဗလင်စီယာမြို့တွေမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
စပိန်မှာတော့ ဗင်နီဇွဲလားလူမျိုးတွေဟာ အကြီးဆုံး ရွှေ့ပြောင်းနေထိုင်သူ အသိုက်အဝန်းတွေထဲက တခုအဖြစ် ရှိနေကြပါတယ်။
ရဲအရာရှိတွေဟာ ဓာတုဗေဒနည်းနဲ့ ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေ၊ ကိုကင်း၊ ဆေးခြောက်စိုက်ခင်းတခုနဲ့ ဂိုဏ်းရဲ့ နာမည်ကျော်ရောင်းကုန်ဖြစ်တဲ့ “တူစီ” ခေါ် ပန်းရောင်ကိုကင်း ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်း ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်က ဘာစီလိုနာမှာ ဂိုဏ်းခေါင်းဆောင်လို့ ယူဆရသူရဲ့ ညီအစ်ကိုဖြစ်သူဟာ စပိန်နိုင်ငံမှာ အဖွဲ့ကို လာရောက်ချဲ့ထွင်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက်မှာ အခုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


