
စပိန်နိုင်ငံ အရှေ့ပိုင်းက လယ်ယာမြေတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ရာနဲ့ချီတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို နည်းမမှန်လမ်းမမှန် ခေါ်ဆောင်လာခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ရာဇဝတ်ဂိုဏ်း ကွင်းဆက်တခုကို စပိန်ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း လူမဆန်တဲ့ ကျေးကျွန်တွေလို အခြေအနေတွေလို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ရဲအရာရှိတွေဟာ လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့ပြီး နစ်နာသူဖြစ်နိုင်ခြေရှိတဲ့ သားကောင် ၃၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ကာ အများစုမှာ နီပေါနိုင်ငံက ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ နိုင်ငံထဲကို ခရီးသွားဗီဇာနဲ့ ရှန်းဂန်ဧရိယာထဲကို ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး အဲဒီနောက်မှာ အာလီကန်းတေ၊ ဗလန်စီယာနဲ့ ဇာရာဂိုဇာ တို့လို ပြည်နယ်တွေက ကျေးလက်ဒေသတွေကို ခေါ်ဆောင်သွားခံရတာပါ။
ရဲတပ်ဖွဲ့က နိုင်ငံအရှေ့တောင်ပိုင်း အားလ်ဘာ့ဆက်တေပြည်နယ်မှာ ဝင်ရောက်စီးနင်းမှုတွေအတွင်း ငွေသား၊ စာရွက်စာတမ်းအတုတွေနဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေမှာ စုပြုံနေထိုင်ရပြီး ကြမ်းပြင်ပေါ်မှာ အိပ်စက်ရကာ အိမ်ငှားခ၊ သယ်ယူပို့ဆောင်ခနဲ့ အစားအစာအတွက်ပါ မတန်တဆ အခကြေးငွေ ပေးဆောင်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
တချို့ ရွှေ့ပြောင်းလုပ်သားတွေဟာ တနေ့ ၁၂ နာရီအထိ အလုပ်လုပ်ကြပြီး အများစုမှာ လုပ်ခလစာ လုံးဝမရရှိကြောင်းလည်း အာဏာပိုင်တွေက ထပ်လောင်း ဖြည့်စွက်ပြောဆိုပါတယ်။
ဒီအခြေအနေတွေကို လူ့အခွင့်အရေးအဖွဲ့တွေက အဓမ္မလုပ်အားပေးခိုင်းစေမှုအဖြစ် သတ်မှတ်လေ့ ရှိပါတယ်။
Source: Reuters


