
ဘူလ်ဂေးရီးယားနိုင်ငံရဲ့ ပင်လယ်နက်မြို့ ဘူးရ်ဂါ့စ်အနီး ရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးမှုအတွင်း မော်တော်ကား မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘူလ်ဂေးရီးယားသတင်းဌာန (BTA) က နိုဝင်ဘာ ၇ ရက်မှာ ဖော်ပြပါတယ်။
ရိုမေးနီးယား မှတ်ပုံတင် စကိုဒါ မော်တော်ယာဉ်ဟာ လူ ၁၀ ဦးကို တင်ဆောင်လာတာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်မှာ ရဲတပ်ဖွဲ့က စစ်ဆေးဖို့ရပ်ခိုင်းတာကို မလိုက်နာဘဲ ရှောင်ကွင်း မောင်းပြေး ခဲ့တာဖြစ်ကြောင်း နယ်စပ်ရဲတပ်ဖွဲ့အကြီးအကဲ အန်တွန် ဇလာတာနော့ဗ် က bTV ရုပ်သံလိုင်းကို ပြောကြားခဲ့ပြီး နိုင်ငံပိုင် သတင်းဌာနမှာလည်း ထုတ်လွှင့်သွားပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ၆ ဦး သေဆုံးခဲ့ပြီး ရိုမေးနီးယား ယာဉ်မောင်းနဲ့ အသက်ရှင်သူ ၃ ဦးတို့ဟာ အရေးပေါ်ကုသမှုတွေ ခံယူခဲ့ရပါတယ်။
အသက်ရှင်ကျန်သူတွေဟာ အာဖဂန်နစ္စတန်ကလို့ ယူဆရကြောင်း BTA က ပြောကြားခဲ့ပါတယ်။
ရိုမေးနီးယားအာဏာပိုင်တွေဟာ အသက်ဆုံးရှုံးခဲ့ရတဲ့ မော်တော်ယာဉ်တိုက်မှုအကြောင်း မီဒီယာ သတင်းတွေကို ချက်ချင်းအတည်မပြုခဲ့ပါဘူး။
၂၀၁၅ ခုနှစ်ကတည်းက ဘော်လကန်နိုင်ငံတွေဟာ အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်၊ အာရှနဲ့ အာဖရိကတို့က စစ်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုတို့ကြောင့် ဥရောပသမဂ္ဂကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြစ်လာခဲ့ပါတယ်။
သူတို့ကို ကူညီဖို့အတွက် အများအပြားဟာ မှောင်ခိုကွန်ရက်တွေကို အသုံးပြုကြပါတယ်။
Source:Reuters


