Home
မြန်မာသတင်း
အမေရိကန်အစိုးရ၏ လုပ်ငန်းရပ်ဆိုင်းမှုက မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူများအပေါ် သက်ရောက်နိုင် 
DVB
·
October 4, 2025

အမေရိကန်အစိုးရရဲ့ လုပ်ငန်းတွေရပ်ဆိုင်းမှုဟာ မြန်မာအပါအဝင် နိုင်ငံတကာက ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် ကြီးမားတဲ့ ဖိအားနဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေး ပါတယ်။  

အစိုးရဆက်လက်လည်ပတ်ဖို့လိုအပ်တဲ့ ရန်ပုံငွေဥပဒေကြမ်းကို လွှတ်တော်မှာ သဘောတူညီမှုမရလို့ အတည်မပြုနိုင်ခဲ့တဲ့အတွက် ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက် မနက်အစောပိုင်းကစပြီး သမ္မတထရမ့်ပ်အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားရတာပါ။

နောက်နှစ်အတွက် ဘတ်ဂျက်အသုံးစရိတ်မှာပါဝင်ရမယ့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေကို ထရမ့်ပ်အစိုးရက ဖြတ်တောက်တာနဲ့ပတ်သက်ပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တို့ ၂ ပါတီအကြား လွှတ်တော်မှာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် အခုလိုရပ်ဆိုင်းထားရတာဖြစ်ပါတယ်။

၂ ပါတီသဘောတူညီပြီး အဖြေတခုထွက်ပေါ်လာမှ အစိုးရလုပ်ငန်းတွေပုံမှန် ပြန်လည်ပတ်နိုင်ကြမှာ ဖြစ်ပါတယ်။

အစိုးရလုပ်ငန်းတွေရပ်ဆိုင်းထားရတဲ့ပြဿနာဟာ မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် ကြီးမားတဲ့ ဖိအားနဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တာပါ။

ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာနေထိုင်တဲ့ မခင်သီရိနန္ဒာစိုးက “Affordable Care Act ကိုလည်း Big Beautiful Bill မှာ ဒီနှစ်အစကတည်းက တော်တော်လေးကို သူကဖြတ်ထားပြီးသားပေါ့နော်၊ အဲ့ဒီလိုမျိုးဆိုတော့ အရမ်းကိုထိခိုက်နစ်နာမှုတွေ ရှိတယ်။ အထူးသဖြင့် ဒီလိုကျန်းမာရေးအခြေအနေ မကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ အဲ့ဒီလိုမျိုးလူတွေအပေါ်မှာဆိုရင် ဒါက တော်တော်လေးကို စိုးရိမ်ရတဲ့အနေအထားရှိတယ်။  ဒီနိုင်ငံမှာ ပေါ်လစီတွေ ဘတ်ဂျက်အသုံးတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ Center on Budget and Policy Priorities ဆိုတဲ့အဖွဲ့မျိုးတွေရှိတယ်။ သူတို့တွေကဆိုရင် ဘယ်လိုမှန်းတောင်မှန်းထားလဲဆိုတော့ တကယ်လို့သာ အခု ဒီမိုကရက်တွေဘက်ကတောင်းဆိုထားတဲ့ Affordable Care Act ကို သက်တမ်း ထပ်မတိုးဘူးဆိုရင် လူ ၄ သန်းလောက်က Heath Insurance Coverage ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆုံးရှုံးနိုင်ပြီးတော့ တော်တော်လေးကို ထိခိုက်နစ်နာမှုတွေဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။

ဒီလိုမျိုး အခြေအနေ ကြုံလာရပြီဆိုရင် လုပ်ထုံးလုပ်နည်းတွေအရ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းပြီးနောက်မှာ ဖက်ဒရယ်ဝန်ထမ်းအများအပြား လစာမဲ့ခွင့်နဲ့ အလုပ်နားကြရတာ ဖြစ်ပါတယ်။

၇ နှစ်နီးပါးအချိန်အတွင်း တကြော့ပြန်အစိုးရလုပ်ငန်းရပ်ဆိုင်းထားရတာအတွက် နှစ်ဖက်လွှတ်တော် အမတ်တွေက အပြန်အလှန်အပြစ်တင်ဝေဖန်နေချိန်မှာပဲ ဖက်ဒရယ်အစိုးရဝန်ထမ်းတွေကို အကြီးအကျယ် လျှော့ချထုတ်ပယ်တော့မယ်လို့ အိမ်ဖြူတော်က အောက်တိုဘာ ၂ ရက်နေ့မှာ ကြေညာ ပါတယ်။

Learn and Shareမှ  ဦးကိုကိုလေးက “အမေရိကန်ပြည်ထောင်စုမှာကြည့်လိုက်မယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုတွေမှာ Free (အခမဲ့) မရဘူး၊ ဆေးဝါးနဲ့ပတ်သက်လို့ ကမ္ဘာကြီးမှာ တခြားနိုင်ငံမှာ တကျပ်တန်ကို ဒီနိုင်ငံမှ ၁၀ လောက်ပေးရတယ်။ ဆေးလုပ်တဲ့ ကုမ္ပဏီတွေက ချမ်းသာနေတယ်။ အာမခံတွေက အများကြီးယူနေတယ်။ အခြေခံအလုပ်သမား လူတန်းစားအတွက်ကတော့ မကောင်းဘူးပေါ့ဗျာ။ ဒီကျန်းမာရေးနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်တွေအများကြီးရှိပါတယ်။ အဓိကကတော့ အခြေခံလူတန်းစားတွေအတွက် ကျန်းမာရေး ထောက်ပံ့မှုပေးတဲ့နေရာမှာ အားနည်းတယ်လို့မြင်ပါတယ်။ ဒိပြင်နိုင်ငံတွေမှာ ဆေးက ဒီလောက်ဈေးမကြီးဘူး၊ ဆရာဝန်ပြတာတွေက ဒီလောက်ဈေးမကြီးဘူး။ သင့်တင့်လျှောက်ပတ်တဲ့ ကုန်ကျစရိတ်ပဲရှိတယ်၊ အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာဈေးအကြီးဆုံးပဲ၊ အပြင်မှာ တကျပ်ကို ဒီမှာ ၁၀ လောက်ပေးရတယ် ပေါ့ဗျာ”လို့ ပြောပါတယ်။

၁၀ စုနှစ်တာကာလအတွင်း ဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီ ၂ ခုစလုံးက ခေါင်းဆောင်တွေဟာ အာဏာရစဉ်ကာလမှာ ပါတီရေရှည် အာဏာတည်မြဲရေးအတွက် လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးပြီး မလိုလားအပ်တဲ့ ဆောင်ရွက်ချက်တချို့ ပြုလုပ်ခဲ့တာကြောင့် လက်ရှိအခြေအနေနဲ့ကြုံနေရတာလို့ လေ့လာသူတချို့က မှတ်ချက်ပေးပါတယ်။

ဒီမိုကရက်တွေက ပြည်သူတွေရဲ့ထောက်ခံမဲများများရအောင် ပုံမှန်ထက်ပိုတဲ့ခံစားခွင့်တွေပေးပြီး စည်းရုံးဖို့ကြိုးစားခဲ့သလို သမ္မတထရမ့်ပ်ကလည်း ရီပတ်ဘလစ်ကန်တွေ နောက်သက်တမ်းတခု အာဏာဆက် ထိန်းနိုင်အောင် ဒီမိုကရက်တွေကို အလဲထိုးနိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

မယ်ရီလန်းပြည်နယ်မှာနေထိုင်သူတယောက်က “WIC တို့ Food Stamp တို့ Medicaid တို့က ကျနော်တို့ဒီမှာ တရားဝင်နေထိုင်တဲ့သူတွေအတွက်လည်း အရေးပါဆုံးပဲ။ အထူးသဖြင့် Medicaid ပေါ့၊ ကျန်းမာရေးစောင့်ရှောက်တဲ့ အထောက်အပံ့က Food Stamp ထက်တောင်မှ ပိုအရေးကြီးတယ်လေ။ ဒီမိုကရက်က စိုးမိုးတယ်ဆိုရင် ၁၀ စုနှစ်တခုကြာအောင် သူတို့လည်း စိုးမိုးတယ်။ ရီပတ်ဘလစ်ကန်က ပြန်နိုင်ပြီဆိုလို့ရှိရင်လည်း အဲ့လိုပဲစိုးမိုးတယ်လေ၊ သူတို့စိုးမိုးတဲ့ အချိန်မှာ သူတို့ရဲ့မူဝါဒကိုတော့လုပ်ကြတယ်။ ဒီနေရာမှာ ဒီလောက်ဝန်ထမ်းမလိုဘူးပေါ့၊ ဆိုတော့ အဓိက သူတို့လျှော့တဲ့နေရာတွေက အမှန်မှာဆိုရင်တော့ ဒီမိုကရက်တစ်တွေအများစုထိုင်တဲ့ နေရာတွေပဲလေ၊ သူတို့အမေရိကန်ရဲ့ သူတို့ထုံးစံအတိုင်းပါပဲ”လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ဟာ သူ့ရဲ့ပထမသက်တမ်းမှာလည်း အခုလို အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားရ တဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ဖူးပါတယ်။

ဒီလိုအစိုးရလုပ်ငန်းယာယီရပ်ဆိုင်းထားရတဲ့ဖြစ်စဉ်ဟာ အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုလျော့ကျစေသလို အစိုးရရဲ့ဝင်ငွေနစ်နာဆုံးရှုံးမှုဟာလည်း ဒေါ်လာဘီလီယံနဲ့ချီပြီးရှိ နိုင်တာပါ။

အခြေခံပြည်သူတွေကိုထောက်ပံ့နေတဲ့ ကျန်မာရေးနဲ့စားနပ်ရိက္ခာပံ့ပိုးတဲ့အစီအစဉ်တွေကို ကြပ်မတ်ဖြတ်တောက်မယ့် One Big Beautiful Bill ကို သမ္မတထရမ့်ပ်က ဇူလိုင်လမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်၊

ဒီနောက် နိုင်ငံဝဝန်းက အစိုးရရဲ့ ရေရှည်ကျန်းမာရေးထောက်ပံမှု ခံစားခွင့်ရဖို့လိုအပ်သူတွေ၊ မသန်စွမ်းတွေနဲ့ မိသားစုတွေက မြို့တော်ဝါရှင်တန်ဒီစီမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024