
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲမှာ ပေါ်တူဂီနဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက အရှေ့အလယ်ပိုင်းဒေသရဲ့ အကောင်းဆုံးဘောလုံးသမားဆု ရရှိသွားပါတယ်။
“ကျနော် ဆက်လက် ကြိုးစားသွားချင်ပါတယ်။ ကျနော့်ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာကိုလည်း အားလုံးသိကြပါတယ်။ ကျနော် ဆုဖလားတွေ ပိုပြီး ရယူချင်ပါတယ်” လို့ ပြောပါတယ်။
ကစားသမားဘဝတလျှောက် သွင်းဂိုး ၉၅၆ ဂိုးအထိ ရှိနေပြီဖြစ်တဲ့ အသက် ၄၀ အရွယ် ဝါရင့်ကစားသမား စီရော်နယ်ဒိုက ဒဏ်ရာသာမရရှိဘူးဆိုရင် ကစားသမားဘဝတလျှောက် သွင်းဂိုး ၁,၀၀၀ သေချာပေါက် ပြည့်မှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
ပြင်သစ်လက်ရွေးစင် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အူစမန် ဒမ်ဘီလီကတော့ အကောင်းဆုံး ဘောလုံးသမားဆု ရရှိသွားပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား Ballon d'Or ဆုရှင်လည်းဖြစ်တဲ့ ဒမ်ဘီလီဟာ ရီးရဲလ်တိုက်စစ်မှူးအမ်ဘာပေ၊ ဘာစီလိုနာကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ရာဖင်ဟာနဲ့ လာမိန်းယာမဲလ်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆုပေးပွဲမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက အကောင်းဆုံး အမျိုးသားဘောလုံးအသင်းဆုကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် တင်းနစ်အားကစားလောကရဲ့ ဂရန်းဆလမ်း ၂၄ ကြိမ်ရ တင်းနစ်သမား ဂျိုကိုဗစ်ကို စီရော်နယ်ဒိုက Globe Sports Award ဆု ပထမဆုံးအကြိမ် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
စပိန်နဲ့ ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်ကတော့ လာလီဂါရဲ့ အသက် ၂၃ နှစ်အောက် အကောင်းဆုံးဘောလုံးသမား၊ အကောင်းဆုံး တိုက်စစ်မှူးနဲ့ မာရာဒိုနာဆု စုစုပေါင်း ဆု ၃ ဆု ရရှိခဲ့ပါတယ်။
Source: Reuters


