
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ခြေစစ်ပွဲအဆင့်မှာ အနီကတ်ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပါဝင်ကစားခွင့်ရမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စည်းမျဉ်းတွေအရ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကျူးလွန်သူဟာ ကမ္ဘာ့ဖလားပွဲစဉ် ၃ ပွဲ ပွဲပယ်ခံရမှာ ဖြစ်ပေမဲ့ စီရော်နယ်ဒိုရဲ့ ပြစ်ဒဏ်ကိုတော့ ဆိုင်းငံ့ပွဲပယ်အဖြစ် ပြောင်းလဲ ချမှတ်ခဲ့တာပါ။
စီရော်နယ်ဒိုအနေနဲ့ ၁ ပွဲ ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခံခဲ့ရလို့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပြန်လည် ကစားနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ လာမယ့် တနှစ်အတွင်းမှာ အလားတူအနီကတ်ပြစ်ဒဏ်ကျူးလွန်ခဲ့မယ် ဆိုရင်တော့ လက်ကျန်ပွဲပယ် ၂ ပွဲကို ပြန်လည်ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ကြောင်း ဖီဖာက ထုတ်ပြန်ပါတယ်။
ရော်နယ်ဒိုဟာ အိုင်ယာလန်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲမှာ ပြိုင်ဘက်အသင်းသားတယောက်က နောက်ကနေ ဆွဲခဲ့တဲ့အပေါ် တံတောင်နဲ့ ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် အနီကတ်ပြ အထုတ်ခံရတာဖြစ်ပြီး ပေါ်တူဂီအသင်းကတော့ ဒီပြစ်ဒဏ်ကို အယူခံတင်ထားခဲ့တာပါ။
ရော်နယ်ဒိုဟာ ခြေစစ်ပွဲအဆင့်မှာ ၅ ဂိုးသွင်းခဲ့ပြီး ပေါ်တူဂီအသင်းကို ၇ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဝင်ခွင့်ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo:Reuters


