
၂၀၂၆ ကမ္ဘာ့ဖလားမှာ ဦးစားပေးအဆင့်ထိပ်ဆုံး ၄ နိုင်ငံအနေနဲ့ ဆီမီးဖိုင်နယ်မတိုင်ခင် တွေ့ဆုံတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲချုပ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားက စတင်ပြီး ထိပ်ဆုံး ၄ နိုင်ငံကို ဆန့်ကျင်ဘက် မဲအိုး တဖက်စီမှာ ထားပြီး မဲခွဲမှာဖြစ်လို့ ဆီမီးဖိုင်နယ်မတိုင်ခင် ထိပ်တွေ့ဆုံခြင်း မရှိဖို့ လုပ်ဆောင်ခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဦးစားပေးအဆင့် သတ်မှတ်ရာမှာ စပိန်က အဆင့် ၁၊ အာဂျင်တီးနား ကအဆင့် ၂၊ ပြင်သစ်ကအဆင့် ၃ နဲ့ အင်္ဂလန်က အဆင့် ၄ သတ်မှတ်ခံထားရတာကြောင့် အဲဒီ အသင်း ၄ သင်းက နောက်တဆင့် တက်ခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ် မတိုင်ခင်တွေ့ဆုံတော့မှာ မဟုတ်ပါဘူး။
ဒါအပြင် အင်္ဂလန်နဲ့ ပြင်သစ်၊ စပိန်နဲ့ အာဂျင်တီးနား တို့ဟာလည်း ဗိုလ်လုပွဲရောက်မှပဲ တွေ့ဆုံ နိုင်တော့မှာပါ။
ဖီဖာအနေနဲ့ ထိပ်တန်းအသင်းကြီးတွေကို ပြိုင်ပွဲရဲ့အစောပိုင်းအဆင့်တွေမှာ တွေ့ဆုံခြင်းမရှိဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဦးစားပေးအဆင့်ထိပ်ဆုံး ၄ နိုင်ငံအတွက်လည်း အားသာချက်တွေ ရရှိစေမှာပါ။
အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာပဲ တွေ့ဆုံပြီး ရှုံးနိမ့်ထွက်ခွာခဲ့ရသလို ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာလည်း စပိန်အသင်းကို ရှုံးနိမ့်ပြီး ဆုဖလား လက်လွှတ်ခဲ့ရပါတယ်။


