Home
မြန်မာသတင်း
၂၀၂၅ ရွေးကောက်ပွဲ ပထမပိုင်း ထူးခြားသတင်း ဖြစ်စဉ်
DVB
·
December 28, 2025

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင်ကျင်းပတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပထမပိုင်းနဲ့ ပတ်သက်ပြီး ညနေပိုင်းအထိ နောက်ဆုံးရရှိထားတဲ့ ထူးခြားသတင်း ဖြစ်စဉ်တွေကို DVB ကနေ စုစည်းတင်ပြပေးလိုက်ပါတယ်။

ပေါက်ကွဲမှု၊ လေကြောင်းဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများ

-ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒီဇင်ဘာ ၂၈ ရက် မနက် ၂ နာရီ ၄၅ မိနစ်က ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးနဲ့ Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

-မန္တလေးနန်းတွင်းက စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ရွေးကောက်ပွဲလုပ်တဲ့နေ့ ဒီဇင်ဘာ ၂၈ ရက် မနက်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

-ရွေးကောက်ပွဲလုပ်နေချိန်မှာပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီက Y-12 လေယာဉ်တွေနဲ့ ပါရာမော်တာတွေကို အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ရွေးကောက်ပွဲ လုပ်နေတဲ့ မုံရွာမြို့နဲ့ နီးစပ်တဲ့ နေရာတွေမှာပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

-ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ မဲရုံတချို့နဲ့ မြို့ထဲ နေရာ ၃ နေရာထက်မနည်းမှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပါတယ်။

-စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက် စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ပြုလုပ်နေချိန် တော်လှန်ရေးတပ်တွေက ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

-ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရွေးကောက်ပွဲအကြို ဒီဇင်ဘာ ၂၇ ရက် ညက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ မိန်းကလေးငယ် ၁ ယောက်သေဆုံး၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက် အပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။

-ရွေးကောက်ပွဲကာလမှာ မကွေးတိုင်းက မြို့နယ် ၆ ခုကို တပြိုင်တည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့  တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ရွေးကောက်ပွဲ ပြုလုပ်နေချိန် တော်လှန်ရေးတပ်တွေက ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေပါတယ်။

-ရခိုင်ပြည်နယ်က စစ်တွေနဲ့ ကျောက်ဖြူမှာ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်နေပေမဲ့ မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်နေပါတယ်။

ပြည်သူလူထု မဲပေးမှု အခြေအနေ

-နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွရဲ့ ဝန်ထမ်းတွေအနေနဲ့ မဲပေးပြီးတဲ့ကြောင်း အထောက်အထားကို သက်ဆိုင်ရာဌာနအလိုက် ပြန်တင်ပြနေရပါတယ်။ နေပြည်တော်မှာ လူတွေတန်းစီပြီး မဲပေးနေတဲ့ ပုံရိပ်တွေကိုစစ်ကောင်စီက  ထုတ်ပြန်ပါတယ်။

-ရန်ကုန်မှာတော့ မြို့ခံတွေအများစုက ရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ မဲသွားမပေးကြပါဘူး။ နိုင်ငံတကာသတင်းဌာနတွေရဲ့ အဆိုအရ မဲရုံတချို့မှာ မဲပေးသူထက် သတင်းထောက်နဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက ပိုများနေတယ်လို့ ဆိုပါတယ်။ မဲရုံဖွင့်လှစ်ထားတဲ့ မနက် ၆ နာရီမှာပဲ မဲရုံးအနီးအနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို “မဲလာမပေးကြတဲ့သူတွေကို စာရင်းမှတ်ထားမယ်” လို့ အုပ်ချုပ်ရေးက လာရောက်ခြိမ်းခြောက် ပြောဆိုပါတယ်။

-မန္တလေးမြို့ပေါ်မှာ လူသွားလူလာကြဲနေပြီး ရွေးကောက်ပွဲမှာ ပါဝင်မဲထည့်ချင်သူ နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ချောင်းဦး၊ ဆာလင်းကြီး၊ ယင်းမာပင်နယ်တွေမှာတော့ တပ်စခန်းတွေရှိတဲ့ နေရာတွေမှာပဲ စစ်ကောင်စီက မဲရုံဖွင့်နိုင်ပါတယ်။ မဲပေးထားတဲ့ သက်သေ လက်သန်းမှာ မင်မစွန်းတဲ့သူတွေကို ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

-စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရပ်ကွက်တွေမှာလှည့်ပြီး မဲထည့်ဖို့ အတင်းအကျပ် ဆွဲဆောင်တာ၊ ဆင်ခြေဖုံးတွေမှာ မဲရုံကို အတင်းဆွဲခေါ်ပြီး မဲထည့်ခိုင်းတာ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စောင့်ပြီး မဲထည့်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

-စစ်ကိုင်းတိုင်း ကလေးမြို့မှာ မဲရုံတွေ ဖွင့်ထားပေမဲ့ မဲပေးသူ မရှိသလောက် နည်းပါးခဲ့ပြီး မဲရုံတွေရဲ့ ပတ်ဝန်းကျင်တွေမှာလည်း စက်သေနတ်တင်ထားတဲ့ကားတွေ၊ သံချပ်ကာကားတွေနဲ့ လုံခြုံရေး ကင်းပတ်နေကာ လမ်းမကြီးတွေနဲ့ လူစည်ကားရာနေရာတွေမှာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။

-စစ်တပ်က  တရုတ်အကူအညီနဲ့ ပြန်လည်ရယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို စစ်ပွဲတွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ ပြည်သူတွေဟာ  စိတ်မဝင်စားတဲ့အကြောင်းနဲ့ မျှော်လင့်ချက်မဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

-ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မဲရုံတွေမှာ မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။

-မွန်ပြည်နယ် မော်လမြိုင်မှာ‌ ရွေးကောက်ပွဲမပေးရင် ပြည်ပထွက်ခွင့် မပေးဘူးလို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ခြိမ်းခြောက်ထားတာကြောင့်  အကြောက်တရားနဲ့ မဲပေးခဲ့ရတယ်လို့ လူငယ်တွေက ပြောပါတယ်။

-ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်မြို့မှာတော့ ဆန္ဒမဲလာရောက်ပေးတဲ့ ပြည်သူတွေ နည်းပါးပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေသာ မဲလာရောက်ပေးတာ တွေ့ရပါတယ်။ ဧရာဝတီတိုင်းက ခရိုင်မြို့ကြီးတမြို့ဖြစ်တဲ့ မအူပင်မြို့မှာ မဲလာပေးသူတွေများတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

-ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ မဲပေးချိန်အထိ မဲစာရင်း ရှာမတွေ့သူတွေနဲ့ မဲရုံတောင် မသိသေးတဲ့သူတွေ ရှိနေသလို မဲမပေးရင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်မပေးဘူးဆိုတဲ့ သတင်းပျံ့နေတာကြောင်း စိုးရိမ်ပြီး မဲလာပေးသူတွေရှိပါတယ်။

-ရွေးကောက်ပွဲမတိုင်ခင်ညက မြဝတီမြို့ပေါ်မှာ  ၂ ကြိမ်တိုင်တိုင် ဒရုန်း ဗုံးပေါက်ကွဲခဲ့လို့ ထိခိုက် ဒဏ်ရာရသူတွေလည်းရှိပြီး မဲလာထည့်သူတွေ မရှိသလောက် နည်းပါးခဲ့ပါတယ်။

-ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို မြဝတီမြို့ကနေ ၇ ရက် တပတ် တံဆိပ်တုံးထုပြီး အလည်အပတ် နေထိုင်သူတွေကို မြန်မာဘက်အခြမ်း တံတားစစ်ဆေးရေးဂိတ်က စစ်တပ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲမပေးရင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ပြန်သိမ်းယူပြီး တံတားဖြတ်သန်းခွင့် ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်တာရှိခဲ့ပါတယ်။

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ

-အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာက မဲရုံမှာ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို တွေ့ဆုံခဲ့ပါတယ်။

-စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်တွေနဲ့ သံတမန်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း ၁၃၉ ယောက် တက်ရောက် စောင့်ကြည့်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

-စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ နိုင်ငံတွေထဲမှာ ရုရှား၊ တရုတ်၊ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

-ရွေးကောက်ပွဲကို မီဒီယာတွေ ပူးပေါင်းစောင့်ကြည့်မှု စကားဝိုင်းတခုကို ထိုင်းနိုင်ငံမြောက်ပိုင်း မြို့တော်၊ ချင်းမိုင်မြို့က Thai PBS North ရုံးမှာ ကျင်းပပါတယ်။

စစ်ကောင်စီ

-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေနဲ့သူတို့ရဲ့ဇနီးတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်က မဲရုံအမှတ် ၁ မှာ လာရောက်  ဆန္ဒမဲပေးသွားပါတယ်။

-စစ်ခေါင်းဆောင်က နေပြည်တော်မှာ မဲပေးအပြီး “ဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ နာမည်ပျက်မခံဘဲ လွတ်လပ်ပြီး တရားမျှတအောင် လုပ်ဆောင်ပေးမှာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကတော့ ဒီပြောကြားချက်ကို “ဟန်ပြ” သာဖြစ်တယ်လို့ ဆက်လက် ဝေဖန်နေကြပါတယ်။

ကြိုတင်မဲ

တရားမျှတမှုမရှိဘဲ တဖက်သတ်ဆန်ဆန် လုပ်ခဲ့တဲ့ ရေတာရှည်မြို့နယ် ကြိုတင်မဲကိစ္စကို လုံးဝလက်မခံကြောင်း ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တောင်ငူခရိုင်ဥက္ကဋ္ဌက ပြောပါတယ်။

ကြိုတင်မဲ ၁,၅၈၃ မဲမှာ ကြံ့ခိုင်ရေးပါတီက ၁,၄၉၀ မဲရရှိပြီး ကျန်ပါတီတွေက ၂ မဲ ၃ မဲသာ ရရှိလို့ လက်မခံကြောင်းနဲ့ ကန့်ကွက်ကြောင်း ကျားဖြူပါတီ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ဒီဇင်ဘာ ၂၆ ရက်က လူမှုကွန်ရက်မှာ live လွှင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်ရှုတ်ချ ဆန္ဒပြ

-ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီ၊ ပေါင်းတည်နဲ့ ပြည် အကျဉ်းထောင် ၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေက အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ထောင်ထမင်းဟင်း မစားဘဲ ဆန္ဒပြခဲ့ကြပါတယ်။

-စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒေသခံတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့အနေနဲ့ အပြင်မထွက်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

-ပြည်သူလူထုအနေနဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့နဲ့ ပူးပေါင်းဆန့်ကျင်ပေးကြဖို့၊ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

-လူသတ်သမားတွေ ကျင်းပတဲ့ ရွေးကောက်ပွဲက ဒီမိုကရေစီ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ် အဲရစ်က ပြောလိုက်ပါတယ်။

-စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကာ အားပေးကူညီနေပြီး ပြည်သူ့ဆန္ဒတွေကို ဆန့်ကျင်သူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဆုံးဖြတ်ချက်တွေ၊ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတာမရှိသူအဖြစ် သတ်မှတ်ပြီး ပါတီဝင် ၉ ယောက်ကို ပါတီဝင်အဖြစ်ကနေ ထပ်မံထုတ်ပယ်လိုက်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ NLD က ထုတ်ပြန်ပါတယ်။

ထူးခြားတဲ့ ဥပဒေဖြင့် အရေးယူမှုများ

ရွေးကောက်ပွဲကို နှောင့်ယှက်သူ ဒါမှမဟုတ် ဝေဖန်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားပြီး တချို့ကို ထောင်ဒဏ် ၄၉ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ အပြင်းအထန် ချမှတ်ထားပါတယ်။

ဒီနေ့ညနေပိုင်းမှာ မဲရုံတွေ ပိတ်သွားပြီဖြစ်ပြီး ရွေးကောက်ပွဲရလဒ်တွေကိုတော့ မနက်ဖြန်မှာ ထုတ်ပြန်နိုင်ခြေ ရှိပါတယ်။

ပြည်သူအများစုကတော့ မဲပေးဖို့ စိတ်မဝင်စားကြသလို အပိုင်းလိုက်လုပ်တဲ့ ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့မြို့နယ် ပါ၊ မပါကိုတောင် မသိကြတာ တွေ့ရပါတယ်။

မြို့နယ် ၉ ခုအပါအဝင် ရွေးကောက်ပွဲ အပိုင်း ၃ လုပ်မယ်ဆိုတဲ့ တိုင်းနဲ့ပြည်နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁,၀၀၀ ကျော်မှာ ရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးလို့ ရွေးကောက်ပွဲမစခင် နာရီပိုင်းအလို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ လုပ်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013