
မန်စီးတီးနဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ခဲ့တဲ့ နော်တင်ဟမ် နည်းပြ ရှောင်ဒိုက်ဟာ အက်ဖ်အေရဲ့ အရေးယူခံရဖို့ ရှိပါတယ်။
မန်စီးတီးအသင်းက ၈၃ မိနစ်မှာ သွင်းခဲ့တဲ့ နောက်ကျအနိုင်ဂိုးမှာ ပြစ်ဒဏ်ဘော မရရှိခဲ့တဲ့အပေါ် နည်းပြရှောင်ဒိုက်က ဝေဖန်ခဲ့တာပါ။
အဲဒီဂိုးအတွက် ဘောလုံးစတင်ချိန်မှာ ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်ဟာ ဆွဲလှဲချခံခဲ့ရပြီး နောက်ထပ် တကြိမ် ပြစ်ဒဏ်ကျူးလွန်မှု ခံခဲ့ရပေမဲ့ VAR နဲ့ ပြန်ကြည့်ပြီး ပြစ်ဒဏ်ဘောမပေးခဲ့ကြောင်း နည်းပြ ရှောင်ဒိုက်က ပြောပါတယ်။
ဒါ့အပြင် ကစားသမားတယောက်က ဘောလုံးကို ကွင်းပြင်ကန်ထုတ်ခဲ့ရင် အဝါကတ် ပြသရမှာ ဖြစ်ပေမဲ့ ဂဗာဒီယိုရဲ့ အဲဒီလိုလုပ်ဆောင်မှုအပေါ်မှာတော့ အရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ဖြစ်ရပ်အားလုံးအပေါ် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေက လက်ခံနိုင်စရာ မရှိကြောင်း နည်းပြရှောင်ဒိုက်က ပြောသွားတာ ဖြစ်ပါတယ်။


