
ရှေးဟောင်းအဆုံးအမတခုက ဉာဏ်အလင်းပွင့်သလိုမျိုး ဘဝထဲကို အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်လာတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ကျနော့်အတွက်တော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကြားဖူးနားဝရှိခဲ့တဲ့ ဟီဘရူးစကားလုံး “Lashon Harah” ဆိုတဲ့ စကားလုံးပါပဲ။ အဓိပ္ပာယ်ကတော့ “ယုတ်ညံ့တဲ့ စကား” (Evil Speech) ပါ။ ဘာသာပြန်ရရင်တော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်လောက်နဲ့တော့ သူ့ရဲ့ အန္တရာယ်ကြီးမားပုံကို ပေါ်လွင်အောင် မပြနိုင်ပါဘူး။
“Lashon Harah” ဆိုတာ အတင်းအဖျင်းပြောတာ၊ အသရေဖျက်တာလောက်ပဲ မဟုတ်ပါဘူး။ စကားလုံးတွေနဲ့ အနာတရဖြစ်အောင် လုပ်တဲ့ ရှေးဟောင်းအတတ်ပညာဆိုး၊ မှော်ဝိဇ္ဇာမျိုး တခုပါ။ ကိုယ်ပြောလိုက်တဲ့ မကောင်းသတင်းက တကယ်အမှန် ဖြစ်နေရင်တောင်မှ တဖက်သားကို ထိခိုက်စေတဲ့အတွက် ဒါဟာ ယုတ်ညံ့တဲ့စကားပါပဲ။
ဒါ့အပြင် မဟုတ်မမှန် လုပ်ကြံပြောတာတွေ၊ ပုံဖျက်ပြောတာတွေ၊ အခြေအမြစ်မရှိဘဲ ကွယ်ရာမှာ အတင်းပြောတာတွေ ဆိုရင်တော့ ပိုပြီးတောင် အန္တရာယ်ကြီးပါသေးတယ်။ ဒါဟာ ဘာသာစကားကို လက်နက်အဖြစ် ပြောင်းလဲလိုက်တာ၊ လျှာကို စစ်လက်နက်တပ်ဆင်လိုက်တာပါပဲ။
ဒီအဆုံးအမကို မကြာသေးခင်က ပြန်တွေးမိတဲ့အခါ ဓာတ်မှန်ရိုက်ကြည့်လိုက်သလို ကျနော် ရှင်းရှင်းလင်းလင်း မြင်လာရပါတယ်။ ဘာလို့လဲဆိုတော့ “Lashon Harah” ဟာ ရှေးဟောင်းအယူအဆသက်သက် မဟုတ်ပါဘူး။ ဒီနေ့ခေတ် ပြည်တွင်း ပြည်ပ မီဒီယာတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ကျနော်တို့ အသည်းအသန် သုံးစွဲနေကြတဲ့ ဆိုရှယ်မီဒီယာတွေအောက်မှာ လွှမ်းမိုးထားတဲ့ စိတ်နေစိတ်ထားတခုဖြစ်နေလို့ပါပဲ။
ကျနော်တို့ဟာ တဖက်သားရဲ့ ဂုဏ်သိက္ခာကို အလွယ်တကူ ပုတ်ခတ်တာ၊ ပုံဖျက်တာ၊ အရှက်ခွဲတာ၊ ဖျက်လိုဖျက်ဆီးလုပ်ချင်စိတ်တွေ လွှမ်းမိုးနေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေကြရပါတယ်။
ဖျော်ဖြေရေးသက်သက်အတွက်၊ Click များများရဖို့အတွက်၊ ကိုယ့်ဘက်တော်သားတွေ ကျေနပ်ဖို့အတွက် ဒါမှမဟုတ် ရန်သူလိုအပ်နေတဲ့ အုပ်စုတခုရဲ့ စိတ်လှုပ်ရှားမှုအတွက် ဒါတွေကို လုပ်နေကြတာပါ။
ဒီနေ့ခေတ်မှာ အမှန်တရားကိုတောင် လက်နက်လို သုံးလာနေကြပါတယ်။ စက်မှုဇုန်ထုတ် ကုန်ပစ္စည်းတွေလို အကြီးအကျယ် ပုံကြီးချဲ့ထားတဲ့ မုသားတွေကလည်း ကျမ်းစာတွေလိုမျိုး အရှိန်အဟုန်နဲ့ ပျံ့နှံ့ပြီး သြဇာညောင်းနေပါတယ်။ ဒါဟာ ကိုယ်ကျင့်တရား ပျက်ယွင်းမှု သေးသေးမွှားမွှား မဟုတ်ပါဘူး။ လူသားတွေရဲ့ စိတ်ဓာတ်ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ပါ။
အာဏာရှင်စနစ်၊ ဝါဒဖြန့်ချိရေးနဲ့ အာဏာရှင်တွေရဲ့ စိတ်နေသဘောထားတွေကို နှစ်ပေါင်းများစွာ လေ့လာမှတ်တမ်းတင်ခဲ့သူ တယောက်အနေနဲ့ ကျနော် ရဲရဲကြီး ပြောရဲပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးအရာက လက်နက်တွေနဲ့ တိုက်ခိုက်တာတင် မဟုတ်ပါဘူး။ စကားလုံးတွေနဲ့ တိုက်ခိုက်တာကလည်း ကြောက်စရာကောင်းပါတယ်။
"Lashon Harah" ဆိုတာ တင်စားပြောတာ မဟုတ်ပါဘူး။ ခေတ်သစ်စစ်ပွဲတွေရဲ့ တည်ဆောက်ပုံ တခုပါ။ လူ့စိတ်အသိဉာဏ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်ပါတယ်။
မြန်မာ့ရွေးကောက်ခံခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော့်ရဲ့ ကာလရှည်ကြာ ဆက်ဆံရေးမှာ အထင်ရှားဆုံး အရည်အသွေးက ဘာလဲလို့ တယောက်ယောက်က မေးလာတဲ့အခါ ဒီအသိက ပိုပြီး ရှင်းလင်းလာပါတယ်။
ဒီမေးခွန်းက လွန်ခဲ့တဲ့ နှစ် ၃၀ လောက် (၁၉၉၅-၉၆) ကာလဆီ ကျနော့်ကို ပြန်ခေါ်သွားပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမအကြိမ် နေအိမ်အကျယ်ချုပ် ၆ နှစ်ကနေ လွတ်မြောက်လာစပါ။ ရန်ကုန်က သူ့အိမ်မှာ ကျနော်တို့ အတူထိုင်ပြီး စကားပြောခဲ့ကြပါတယ်။
"မျှော်လင့်ချက်၏ အသံ (The Voice of Hope)" ဆိုတဲ့ စာအုပ်ကို ပြုစုဖို့ပါ။ ကျနော်တို့ဟာ ဒီမိုကရေစီ၊ ဂုဏ်သိက္ခာ၊ ကြောက်ရွံ့ခြင်းကင်းမှုနဲ့ လွတ်လပ်မှုရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးနေကြရင်းနဲ့ ကျနော်တို့နှစ်ယောက်လုံး အံ့သြစရာ တွေ့လိုက်ရတာကတော့ ကျနော်တို့မှာ တရားပြဆရာတူနေတာပါပဲ။ အဲဒါကတော့ ပျံလွန်တော်မူလေပြီးသော ဆရာတော် ဦးပဏ္ဍိတ ဖြစ်ပါတယ်။
ဆရာတော်ဆီက ရခဲ့တဲ့ အမှတ်ရစရာအကောင်းဆုံး သင်ခန်းစာက ဘာလဲလို့ ကျနော်မေးတော့ သူက မဆိုင်းမတွ ဖြေပါတယ်။ သူ့ရင်ထဲက လာတဲ့ အဖြေဆိုတာ သိသာပါတယ်။ "သမ္မာဝါစာ" (မှန်ကန်သော စကား)၊ မုန်းတီးအောင် မပြောဆိုရေးနဲ့ ရန်သူကိုတောင်မှ နတ်ဆိုးလို ပုံမဖော်ဖို့ပါပဲ" တဲ့။
ပြီးတော့ သူပြောခဲ့တဲ့ စကားတခွန်းကို ကျနေ ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီစကားက သူ့ဘဝကို ပုံဖော်ပေးခဲ့သလို ကျနော့်ဘဝကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ "ဒီတော်လှန်ရေးဟာ စိတ်ဓာတ် တော်လှန်ရေး (Revolution of Conscience) ဖြစ်ရမယ်။ ကျမတို့ဟာ ဖိနှိပ်သူတွေရဲ့ ဒေါသနဲ့ အကြမ်းဖက်မှုတွေကို ပြန်ပြီး ပုံတူကူးချလို့ မရဘူး" လို့ သူကပြောပါတယ်။
သူက ဆရာတော် ဦးပဏ္ဍိတရဲ့ သမ္မာဝါစာနဲ့ ပတ်သက်တဲ့ သင်ကြားမှုတွေကိုလည်း အခုလို အသေးစိတ် ရှင်းပြပါတယ်။ ပြောမဲ့ စကားလုံးရဲ့ ရည်ရွယ်ချက်ကို အရင်သိအောင် လုပ်ပါ။ စေတနာမပါတဲ့ စကားလုံးတွေဟာ မှောင်မိုက်ထဲက ဓားမြှောင်တွေလိုပါပဲ။ ကိုယ့်စကားက သူတပါးကို မြှင့်တင်ပေးမလား၊ နှိမ့်ချမလားဆိုတာ ဆန်းစစ်ပါတဲ့။
အချိန်အခါကို ကြည့်ပြောပါ။ တချို့အမှန်တရားတွေက စောင့်ပြောရမယ်၊ တချို့ကတော့ လုံးဝမပြောဘဲ နေရမယ်။ စကားလုံးတွေဟာ တိုက်ခိုက်တာ၊ ဖိအားပေးတာမျိုး မဟုတ်ဘဲ သာယာတဲ့ ဂီတသံစဉ်လိုမျိုး စွမ်းအင်တခု ဖြစ်ပါစေ။ ကိုယ်ပြောမယ့်လူရဲ့ နေရာမှာ ဝင်ခံစားကြည့်ပါ။ ကိုယ့်စကားတွေက သူတို့ကို နှိုးထစေမလား၊ ဒါမှမဟုတ် ပိုပြီး ပိတ်လှောင်သွားစေမလား ဆိုတာ တွေးကြည့်ပါတဲ့။
အရေးကြီးဆုံးကတော့ ရလဒ်ကို မျှော်ကိုးပြီး မပြောပါနဲ့တဲ့။ လွတ်လွတ်လပ်လပ်၊ အပေးအယူသဘော မပါဘဲ၊ သူတပါးကို မြှင့်တင်ပေးချင်တဲ့ စေတနာသန့်သန့်နဲ့ပဲ ပြောပါတဲ့။ ဘယ်တော့မှ ဒုက္ခရောက်အောင်၊ နာကျင်အောင် မပြောပါနဲ့လို့ ဆရာတော်က သင်ကြားခဲ့ကြောင်း သူက ဆိုပါတယ်။
ပြီးတော့ သူက တိုးတိုးလေး ပြောပါသေးတယ်။ အဲဒီစကားက သိပ်ကို မွန်မြတ်တယ်လို့ ခံစားမိလိုက်ပါတယ်။
"ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ဓမ္မမှာ အဟိံဿ (Ahimsa) ဆိုတဲ့ မညှဉ်းဆဲခြင်းတရား ပါဝင်နေတာပါ"။
"ပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံတဲ့ တော်လှန်ရေးပေါ့။ ဒါက ကျမတို့ ကိုယ်ကိုယ်တိုင်နဲ့ရော၊ ရန်သူလို့ ခေါ်သူတွေနဲ့ပါ ပြန်လည်သင့်မြတ်ဖို့ပါ" လို့ ပြောပါတယ်။
အဲဒီအချိန်မှာ ကျနော် နားလည်လိုက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုဆိုတာ နိုင်ငံရေးသက်သက်မဟုတ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ဆောက်မှု (Spiritual Engineering) တခုဆိုတာပါပဲ။ သူ့အတွက် စကားပြောတယ်ဆိုတာ ဟောပြောပွဲ လုပ်တာမဟုတ်ဘဲ၊ သူ့ရဲ့ ကျင့်စဉ်ကို အသံထွက်ပြီး လက်တွေ့အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။
ဒီအမြင်နဲ့ ကြည့်မှ "Lashon Harah" ရဲ့ အဓိပ္ပာယ်ကို ကျနော် ပိုနားလည်လာပါတယ်။ ကမ္ဘာကြီးကသာ သူ့ရဲ့ "သမ္မာဝါစာ" အပေါ် ထားရှိတဲ့ ခံယူချက်ကို နားလည်ခဲ့ရင်၊ သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ ကြိုးပမ်းနေတဲ့ "စိတ်ဓာတ် တော်လှန်ရေး" (Revolution of the Spirit) ရဲ့ ကြီးမားမှုကို နားလည်ကြမှာပါ။ လူသားအချင်းချင်း အခြေခံအကျဆုံးအဆင့်မှာ ဘယ်လို ဆက်ဆံကြမလဲ၊ လူ့အသံရဲ့ စွမ်းပကားကို ဘယ်လို နားလည်သဘောပေါက်မလဲ ဆိုတဲ့ တော်လှန်ရေးပါပဲ။
ကျနော့်စာအုပ်သစ် "Politics of the Heart: Nonviolence in an Age of Atrocity" ကို ရေးရင်းနဲ့ ဒီအသိက ပြန်ဝင်လာပါတယ်။ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ ပြောတဲ့အခါ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေအကြောင်းပဲ ပြောနေတာ မဟုတ်ပါဘူး။ အပြင်ပန်းစစ်ပွဲ မဖြစ်ခင်ကတည်းက စတင်နေတဲ့ အစ္ဇျတ္တစစ်ပွဲတွေ၊ နေ့စဉ်နဲ့အမျှ ပြောဆိုနေကြတဲ့ အထင်အမြင်သေးမှုတွေ၊ ကောလာဟလတွေ၊ ရက်စက်မှုတွေနဲ့ လူသားဆန်မှု ခေါင်းပါးအောင် လုပ်ဆောင်တာတွေအကြောင်း ပြောနေတာပါ။
"Lashon Harah" ကို ခွင့်ပြုထားတဲ့ လူ့အဖွဲ့အစည်းဟာ နောက်ဆုံးမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ ခွင့်ပြုလာတတ်ပါတယ်။ ဒါဟာ ကပ်ဘေးဆိုးကြီးအတွက် ဇာတ်တိုက်လေ့ကျင့်နေသလိုပါပဲ။
ဒီအချက်က ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ မလွဲမသွေ ပြန်ရောက်သွားစေပါတယ်။ ၃၅ နှစ်ကျော်လုံးလုံး သူဟာ "စိတ်ဓာတ်ရေးရာ တော်လှန်ရေး" အပေါ် သစ္စာရှိခဲ့တာကို ကျနော် မြင်ခဲ့ရပါတယ်။ အဲဒီတော်လှန်ရေးဟာ ကိုယ်ကျင့်တရား၊ ကရုဏာတရားနဲ့ ရန်သူကိုတောင်မှ လူသားအဖြစ်ကနေ မလျော့ချဖို့ ငြင်းဆန်ခြင်းတွေအပေါ် အခြေခံထားတဲ့ တော်လှန်ရေးပါ။
အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ သူ့အတွက် နိုင်ငံရေး ကြွေးကြော်သံ မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားဆိုင်ရာ လိုအပ်ချက်ပါ။ ဆယ်စုနှစ်ချီ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရ၊ နှောင့်ယှက်ခံရ၊ နတ်ဆိုးလို ပုံဖော်ခံရပြီး ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရပေမဲ့ သူဟာ အမုန်းစကားကို ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကိုတောင် သူ မကောင်းမပြောခဲ့ပါဘူး။ သူက စနစ်ကိုပဲ ဝေဖန်တာပါ၊ လူတဦးချင်းရဲ့ ဝိညာဉ်ကို မဝေဖန်ပါဘူး။ မူဝါဒကိုပဲ ထောက်ပြတာပါ၊ လူပုဂ္ဂိုလ်ကို မတိုက်ခိုက်ပါဘူး။ အပြုအမူကိုပဲ ပြောတာပါ၊ လူသားဖြစ်တည်မှုကို မထိပါဘူး။ ဒီလို စိတ်ဓာတ်မျိုးက ဒီခေတ်ကြီးမှာ နားလည်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါဟာ အကြမ်းမဖက်ခြင်းရဲ့ အနှစ်သာရပါပဲ။
ဒါကို ကမ္ဘာကြီးက ဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။ ကမ္ဘာအနှံ့ "Lashon Harah" (အပုပ်ချမှုတွေ) နဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ လူ့အခွင့်အရေးနဲ့ သိက္ခာတရားကို ကာကွယ်ပါတယ်ဆိုတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ ကိုယ်တိုင်က ပုံဖျက်တာတွေ၊ လုပ်ကြံဖန်တီးတာတွေ၊ အသရေဖျက်တာတွေ လုပ်ခဲ့ကြပါတယ်။
သူဟာ ကိုယ်ကျင့်တရားဆိုင်ရာ ဝိုင်းဝန်းကိုက်ဖြတ်မှုရဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။ ဖိနှိပ်ခံရသူတွေကို လူသားဆန်စွာ ဆက်ဆံပေးဖို့ တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးဟာ အရင်က သူ့ကို ချီးကျူးခဲ့သူတွေရဲ့ လူသားမဆန်စွာ ပြုမူခြင်းကို ခံခဲ့ရပါတယ်။ အချက်အလက်တွေကို လိမ်လည်ပြီး ဇာတ်လမ်းတွေ လုပ်ကြံဖန်တီးခဲ့ကြပါတယ်။ သူ့ရဲ့ သမိုင်းအမွေအနှစ်ဟာ အကျိုးအကြောင်း ညီညွတ်မှုကြောင့် ပျက်စီးခဲ့တာ မဟုတ်ပါဘူး။၊ ပရမ်းပတာ အကြမ်းဖက် စကားလုံးတွေကြောင့် ကြေမွခဲ့ရတာပါ။
ကျနော်ကတော့ ဒါကို ဝမ်းနည်းစွာနဲ့ ကြည့်နေခဲ့ရပေမဲ့ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ အတင်းအဖျင်းပြောတာကို စွဲလမ်းနေတဲ့ ယဉ်ကျေးမှုဟာ သူတို့ရဲ့ ရက်စက်မှုထဲ ဝင်မပါတဲ့သူတွေကို ပြန်ပြီး ဓားနဲ့ထိုးလေ့ရှိလို့ပါ။ ဒုက္ခပေးသူတွေကိုတောင် တနေ့မှာ အမုန်းတရားမပါဘဲ ပြန်လက်ခံရမယ်ဆိုတဲ့ သူ့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ခံယူချက်ဟာ လက်စားချေဖို့ စွဲလမ်းနေတဲ့ ကမ္ဘာကြီးအတွက်တော့ လက်ခံနိုင်စရာ မရှိဖြစ်ခဲ့ပါတယ်။
သူက လက်စားချေခြင်းထက် ကျော်လွန်တဲ့ နိုင်ငံရေးကို တောင်းဆိုခဲ့ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးထက် ပြစ်ဒဏ်ပေးတာကို ပိုကိုးကွယ်တဲ့ ကမ္ဘာကြီးရဲ့ ကိုယ်ကျင့်တရား ဆင်းရဲမွဲတေမှုကို သူ မီးမောင်းထိုးပြလိုက်တာပါပဲ။
သူ့ရဲ့ စံနမူနာက အခုချိန်မှာ ပိုပြီး အရေးကြီးပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ရင် စကားလုံးစစ်ပွဲတွေကို ရပ်ရပါမယ်။ အကြမ်းမဖက်မှုကို လိုချင်ရင် ကိုယ့်ရဲ့ စကားလုံးတွေကနေ စရပါမယ်။ ပြန်လည်သင့်မြတ်ရေး လိုချင်ရင် ကောလာဟလတွေ၊ အထင်သေးမှုတွေနဲ့ ဟန်ပြဒေါသထွက်မှုတွေကနေတဆင့် လူ့ဂုဏ်သိက္ခာကို နေ့စဉ် လုပ်ကြံသတ်ဖြတ်နေတာတွေကို ရပ်တန့်ရပါမယ်။
"Lashon Harah" ဆိုတာ ဒီခေတ်ရဲ့ မသိစိတ်ထဲက ကပ်ရောဂါဆိုးကြီးပါ။ ရက်စက်မှုကို သာမန်ကိစ္စလို သဘောထားလာတာ၊ ကိုယ်ချင်းစာတရားတွေ တိုက်စားခံလာရတာနဲ့ ကိုယ်ကျင့်တရား ပျက်စီးလာတာ တွေပါပဲ။ ဒါတွေကို ကုစားဖို့ဆေးကတော့ တိတ်ဆိတ်နေလိုက်တာ မဟုတ်ပါဘူး။ တိုးတက်ပြောင်းလဲစေမယ့် စကားလုံးတွေကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုလိုက်တာပါပဲ။
ရှင်းလင်းပြတ်သားမှု၊ ကရုဏာ၊ မှန်ကန်မှုနဲ့ တဖက်သားရဲ့ လူသားဆန်မှုကို မလျော့ပါးစေလိုတဲ့ စိတ်ဓာတ်တွေအပေါ် အခြေခံတဲ့ ဘာသာစကားတွေကို ပြောဆိုတာပဲဖြစ်ပါတယ်။ ကိုယ်နဲ့ အမြင်မတူ၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့လူကိုတောင်မှ လူသားအဖြစ်ကနေ မလျှော့ချဖို့ပါပဲ။ ကိုယ့်နှလုံးသားတွေ ကွဲကြေမတတ် ခံစားရရင်တောင် ဒီစည်းကမ်းကို ထိန်းသိမ်းရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒါကို ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ သက်သေပြခဲ့ပါတယ်။ လွတ်မြောက်မှုရဲ့ ပထမဆုံး ခြေလှမ်းဟာ ပါးစပ်ဖျားကနေ စတယ်ဆိုတာ သူ့ဘဝက သတိပေးနေပါတယ်။
နှလုံးသားထဲကနေ စကားပြောရဲတဲ့ သတ္တိ၊ မပြောသင့်တာကို ထိန်းသိမ်းရဲတဲ့ သတ္တိတွေ ရှိဖို့ လိုပါတယ်။
စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ဆိုတာ "Lashon Harah" ကို အဆုံးသတ်ခြင်းကနေ စတင်ပါတယ်။ စိတ်ဓာတ်ရေးရာ တော်လှန်ရေးဆိုတာ ဘာသာစကားကို လက်နက်အဖြစ် မသုံးဖို့ ငြင်းဆန်ခြင်းကနေ စတင်ပါတယ်။ ကျနော်တို့ရဲ့ စကားလုံးတွေနဲ့ သူတပါးကို ဒဏ်ရာရစေမလား၊ ဒါမှမဟုတ် ကုစားပေးမလား၊ လူသားဆန်မှုကို ပြန်လည်ဖော်ဆောင်ပေးမလား ဆိုတဲ့အပေါ်မှာ လူ့ဂုဏ်သိက္ခာက မူတည်နေပါတယ်။
အလန်ကလဲမန့်စ်


