Home
မြန်မာသတင်း
ရခိုင်က ရှေးဟောင်း သမိုင်းဝင်ခေါင်းလောင်းကြီးကို မပျက်စီးအောင် ထိန်းသိမ်းရန်တိုက်တွန်း  
DVB
·
December 26, 2025

မကြာသေးခင်ကမှ ပြန်လည်တူးဖော်တွေ့ရှိထားတဲ့ ရခိုင်ရှေးဟောင်းသမိုင်းဝင် ခေါင်းလောင်းကြီးကို လေကြောင်းအန္တရာယ်စိုးရိမ်ရလို့ မပျက်စီးအောင် ထိန်းသိမ်းသင့်တယ်လို့ ရခိုင်အသိုက်အဝန်းက သတိပေးနေကြပါတယ်။

ရခိုင်မှာ နှစ်ပေါင်းရာနဲ့ချီ ပျောက်ဆုံးနေခဲ့တဲ့ မြောက်ဦးခေတ် ရှေးဟောင်း သမိုင်းဝင်ခေါင်းလောင်းတလုံးကို ကျောက်တော်မြို့က မဟာမုနိဘုရားကုန်း‌တော်ရဲ့ အ‌နောက်ဘက်ရှိ မဟာမုနိဘုန်းတော်ကြီးကျောင်း တနေရာကနေ တူးဖော်ရရှိခဲ့ပါတယ်။

မဟာမြတ်မုနိဘုရား‌ ဂေါပကအဖွဲ့ဝင်ဟောင်း အသက် ၈၅ နှစ်အရွယ် ဦးထွန်းအောင်ရဲ့ ပြောပြချက်အရ အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်က စတင်တူးဖော်ခဲ့ပြီး ဇူလိုင် ၄ ရက်မှာ တူးဖော်ရရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်အတွက် အရေးကြီးအမွေအနှစ်ပစ္စည်းဖြစ်တဲ့ အဲဒီခေါင်းလောင်းကို အလံနီပါတီခေတ် အတွင်း ခေါင်းလောင်းလုံခြုံ‌ရေးအတွက် မဟာမုနိကုန်းတော်နောက်ဘက်မှာ ဝှက်ထားခဲ့ကြပြီး တည်နေရာကိုသိတဲ့ ဦးထွန်းအောင်က အခုချိန်ထိ ဘယ်သူ့ကိုမှ မပြောပြဘဲ ထိန်းသိမ်းထားခဲ့တာလို့ သူနဲ့တွေ့ခဲ့တဲ့ စာရေးဆရာ ဝေဟင်အောင်က ပြန်ပြောပြပါတယ်။

“ဦးထွန်းအောင်က အသက် ၂၄ နှစ်မှာ သူ့အဖေ ဦးချင်းအောင်နဲ့ ဦးလေး ဦးမြအောင်တို့က ခေါင်းလောင်းကို စိတ်မချတဲ့အတွက် မဟာမုနိကုန်းကနေ တခြားတဖက်ကို ခုလက်ရှိ ခေါင်းလောင်းကို တွေ့တဲ့နေရာကို ရွှေ့တဲ့အချိန်မှာ သူကိုယ်တိုင်မြင်ခဲ့သလို ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒါကို ဦးထွန်းအောင်မိသားစုနဲ့ သက်ဆိုင်ရာတွေက တိုင်ပင်ပြီးတော့ ဦးထွန်းအောင်ပြတဲ့နေရာက လက်ရှိဆိုရင် မဟာမြတ်မုနိရဲ့ နောက်ဘက်မှာ မဟာမြတ်မုနိဘုန်းကြီးကျောင်း ဆိုတာ ရှိပါတယ်၊ အဲဒီအနားမှာ သူကပြတော့ တူးရမဲ့နေရာနဲ့ ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းနေရာနဲ့က ၆ လက်မသာသာပဲ ဝေးတာပါ။ အဲဒီနေရာကို တူးဖော်တဲ့အချိန်မှာ တူးတာကလည်း မိုးတွင်းကာလပါ၊ ဇူလိုင်လ ၃ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်က စတူးတယ်။ နောက်တရက် ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်း ၃ နာရီလောက်မှာမှ မြေပြင်ကို ဆွဲတင်နိုင်တယ် ပြောရပါမယ်။ စုစုပေါင်း ပေအနက်က ၈ ပေကျော်ကျော်လောက် တူးခဲ့ရတယ်လို့ တူးဖော်တဲ့ထဲ ပါဝင်ခဲ့သူက ပြောတာပါ။”

ဦးထွန်းအောင်ကို ဖဆလပခေတ်၊ ပါတီကောင်စီခေတ်၊ အလံနီပါတီခေတ်၊ စစ်အစိုးရခေတ် စတဲ့ ခေတ်အဆက်ဆက်မှာ ခေါင်းလောင်းမြှုပ်နှံထားတဲ့နေရာကို ပြောပြဖို့ ဖိအားပေး စစ်ဆေးမှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာ ဖွင့်မပြောတဲ့အတွက် ဂေါပကအဖွဲ့ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ဦးထွန်းအောင်ကို ယတြာခေါင်းလောင်း အပ်နှံပေးတဲ့အတွက် ကျပ်ငွေ သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အဲဒီ‌ငွေကို မဟာမုနိဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရာမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အဲဒီ သမိုင်းဝင် ယတြာခေါင်းလောင်းကြီးကို မြောက်ဦးခေတ်မှာ ရက္ခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနဲ့ ဝိုင်းလုံးပတ် ၂၄ စင်တီမီတာရှိတဲ့ သမိုင်းဝင် ကြေးသွန်းခေါင်းလောင်းကြီး ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီခေါင်းလောင်းရဲ့ မျက်နှာပြင်မှာ ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာသုံးမျိုးနဲ့ ရေးထိုးထားတာဖြစ်ပြီး အင်း၊ အိုင်၊ ခါးလှည့် ပညာရပ်သုံးမျိုးပါဝင်တဲ့ ရက္ခိုင့်ရှေးဟောင်း ယတြာခေါင်းလောင်းဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း စစ်တပ်က ရခိုင်က ဘာသာရေးအဆောက်အအုံတွေကိုလည်း ဗုံးကြဲတာတွေ ရှိနေတဲ့အတွက် လေကြောင်းအန္တရာယ်က စိုးရိမ်နေရလို့ သမိုင်းဝင်ခေါင်းလောင်းကို မပျောက်ပျက်အောင် သေချာထိန်းသိမ်းစေလိုတယ်လို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။

“အရင်တုန်းကလည်း ကျမတို့ ရခိုင်ပြည်ဘက်မှာက ရှေးဟောင်းပစ္စည်းတွေရတယ်။ ရုပ်ပွားတော်တွေ ဆိုရင်လည်း တော်တော်များများ တွေ့ဖူးတာရှိတယ်။ ဒါပေမဲ့ တခါတလေမှာ ဗုဒ္ဓပြတိုက်မှာထားထားတဲ့ ရှေးကျတဲ့ ဘုရားဆင်းတုတော်တွေလည်း အလိုအလျောက် ပျောက်ပျောက်သွားတာ ရှိတယ်။ အဲတော့ ရှေးဟောင်း တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းလောင်းကြီး ရထားတော့ အဲဒါကို စနစ်တကျနဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းတွေက တာဝန်ယူ ထိန်းသိမ်းပေးဖို့ လိုပါတယ်။ ဒီတ‌ခေါက်လည်း မြောက်ဦးက မဟာဗန္ဓုလကျောင်းလည်း ဗုံးကြဲတဲ့ဒဏ် ထိထားတော့ အဲဒီမှာလည်း ရှေးဟောင်းပစ္စည်းတွေ ပျောက်ပျက်သွားတာ ရှိပါတယ်။ စိုးရိမ်စိတ်တော့ နည်းနည်းဖြစ်မိတာပေါ့။ တကယ်ကို ခိုင်ခိုင်မာမာ မသိမ်းထားဘူးဆိုရင် တော်တော်လေးကို စိုးရိမ်စရာအခြေအနေ ရှိပါတယ်။”

လက်ရှိမှာ အဲဒီခေါင်းလောင်းကို မြှုပ်နှံထားတာ ကြာပြီဖြစ်တဲ့အတွက် ခေါင်းလောင်းပေါ်ပါရှိတဲ့ စာတချို့ ပျက်ပြယ်နေတာ၊ ပျက်စီးနေတာတွေကို ရခိုင်သုတေသနပညာရှင်တွေက ရှာဖွေ သုတေသန ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီခေါင်းလောင်းကို ထိန်းသိမ်းနိုင်ဖို့အတွက်လည်း အာရက္ခတပ်တော် အပါအဝင် သမိုင်းပညာရှင်နဲ့ ရဟန်းသံဃာတော်တွေက ဝိုင်းဝန်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အဲဒီ ယတြာခေါင်းလောင်းကို မဟာမုနိကုန်းတော်မှာ ရှိခဲ့တယ်ဆိုပြီး “မဟာမုနိဘုရားနဲ့ ယတြာခေါင်းလောင်း” နာမည်တပ်ပြီး ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့သူမှာ ဆွစ်ဇ်လူမျိုး ရှေးဟောင်းသုတေသန ပညာရှင် Dr. Emmanuel Forchhammer (1851-1890) ဖြစ်ပါတယ်။

အလားတူ ၁၉၅၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Mr. R.B Smart ရဲ့ Burma Gazetteer, Akyab District, Volume A မှာလည်း မဟာမုနိဘုရားကုန်းရဲ့ အရှေ့မြောက်ဘက်မှာ ယတြာခေါင်းလောင်းရှိကြောင်း ရေးသားထားကို တွေ့ရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013