ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ကျောက်တော်မြို့တို့မှာ ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၁ ရက်ညက ပေါ့ဆမီးကြောင်း ဈေးဆိုင်တန်း ၂ ခု မီးလောင်ခဲ့ပြီး ဆိုင်ခန်း ၃၄ ခုထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်က ဘူးသီးတောင်မြို့ ပန်ဇင်ချောင်းတံတားအနီးမှာ အာရက္ခတပ်တော်က ဆောက်လုပ်ထားတဲ့ ဈေးတန်းက ဆိုင်းခန်း ၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဘူးသီးတောင် မြို့က အမျိုးသမီးတယောက်က ပြောပါတယ်။
“ဘူးသီးတောင်မှာ ပန်းဇင်ချောင်းတံတားအနီးမှာ AA က ယာယီဈေးပုံစံမျိုး ပြုလုပ်ပေးထားတာရှိတယ်။ အဲဒီဈေးမှ ဒီဇင်ဘာ ၁၉ ရက်နေ့ညက ပန်းပဲဆိုင်တခုရဲ့ မီးကြွင်းမီးကျန်ကနေ မီးစလောင်တာလို့ သိရတယ်။ ဆိုင်းခန်း ၃၀ လောက် မီးလောင်ဆုံးရှုံးသွားတယ်။ ဆုံးရှုံးနစ်နာမှုကတော့ ကျမလည်း မပြောတတ်ဘူး၊ ဆိုင်သည်တွေမှာ အကုန်လည်း အဲဒီမှာ ရင်းနှီးထားကြရတာဆိုတော့ ဆုံးရှုံးမှုက သိန်းထောင်နဲချီပြီး ရှိနိုင်တယ်။”
ဘူးသီးတောင်ဈေးမီးလောင်မှုမှာ အထည်ဆိုင်၊ ဆေးဆိုင်၊ အိမ်သုံးပစ္စည်းတွေ အရောင်းဆိုင်နဲ့ ပန်းပဲဆိုင်ခန်းတွေ မီးလောင်သွားခဲ့တာလို့ သိရပါတယ်။
ဘူးသီးတောင်ဈေး မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ ပန်းပဲဆိုင်ပိုင်ရှင်က အာရက္ခတပ်တော်က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့ မြို့မဈေးအနီးမှာလည်း ဒီဇင်ဘာ ၂၁ ရက်နေ့ မနက် ၁ နာရီလောက်မှာ ဘက်ထရီအိုးပေါက်ကွဲမှုကတဆင့် မီးလောင်မှုဖြစ်ပွားပြီး ရွှေဆိုင်တွေ၊ ဆေးဆိုင်တွေနဲ့ စာအုပ်ဆိုင်တွေ အပါအဝင် ဆိုင် ၄ ဆိုင် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျောက်တော်မြို့ခံအမျိုးသားတယောက်က “ဈေးအနီးမှာရှိတဲ့ ရွှေဆိုင်တခုမှာရှိတဲ့ ဘက်ထရီအိုး ပေါက်ကွဲမှု ဖြစ်တာက မီးလောင်တာလို့ သိရတယ်။ ဆိုင်က ၄ ဆိုင်ပါသွားတယ်။ ဆုံးရှုံးမှုကတော့ အတော်လည်းကို များနိုင်တယ်။ ဈေးအနီးမှာရှိတဲ့ ဆိုင်ကြီးတွေပဲ မီးလောင်သွားကြတာ။ ရွှေဆိုင်တဆိုင်၊ စာအုပ်ဆိုင်တဆိုင်၊ စားကုန်ဆိုင်တဆိုင်နဲ့ ဆေးဆိုင်တဆိုင် မီးလောင်သွားတာ။ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းနိုင်လိုက်တာကြောင့် ကျန်ဆိုင်တွေပါ မကူးစက်လိုက်တာ” လို့ ပြောပါတယ်။
ကျောက်တော်မြို့က မီးလောင်မှုကြောင့် ဆုံးရှုံးသွားတဲ့ဆိုင်တွေမှာ ကျောက်တော်မြို့မဈေးတန်းက ရွှေမင်းရာဇာရွှေဆိုင်၊ အောင်သုခ ဆေးဆိုင်၊ မြတ်တံခွန်စာရေးကိရိယာဆိုင်နဲ့ KZT စားကုန်ဆိုင်တို့ ဖြစ်ကြပါတယ်။
လက်ရှိမှာ မီးလောင်မှုနဲ့ပတ်သတ်ပြီး အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ပြီး မီးလောင်မှု စတင်ဖြစ်ပွားတဲ့ ဆိုင်ပိုင်ရှင်တွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ AA က မီးဘေးအန္တရာယ် သတိပေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။







