
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက IS အဖွဲ့ကို အမေရိကန်တပ်ဖွဲ့တွေက “ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
IS အဖွဲ့ဟာ အပြစ်မဲ့ ခရစ်ယာန်ဘာသာဝင်တွေကို အဓိကပစ်မှတ်ထား သတ်ဖြတ်နေတဲ့ “အကြမ်းဖက်လူရမ်းကား” တွေ ဖြစ်တယ်လို့ သမ္မတထရမ့်ပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပြီးပြည့်စုံတဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး ဆိုကိုတိုပြည်နယ်မှာ နိုင်ဂျီးရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ “အကြမ်းဖက်သမား” တွေကို ပစ်မှတ်ထားတဲ့ ပူးပေါင်းစစ်ဆင်ရေးဖြစ်ပြီး ဘာသာရေးနဲ့ မသက်ဆိုင်ဘူးလို့ နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး ယူဆက်ဖ်မိုင်တာမာတူဂါက ဘီဘီစီကို ပြောပါတယ်။
နိုင်ဂျီးရီးယားအစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ် ကလည်း ပြောကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူကတော့ သူ့နိုင်ငံမှာ ဘာသာရေးသည်းခံမှုရှိပြီး လုံခြုံရေးပြဿနာတွေဟာ ဘာသာမရွေး ဒေသမရွေး ခံစားနေရတာလို့ အလေးထား ပြောဆိုပါတယ်။
ခရစ်ယာန်တွေကို အန္တရာယ်ပြုနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ဂျီးရီးယားနိုင်ငံကို “အထူးစိုးရိမ်ရတဲ့နိုင်ငံ” အဖြစ် သတ်မှတ်ကြောင်း ထရမ့်ပ်က စောစောပိုင်းမှာ ကြေညာခဲ့ပါသေးတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ နိုင်ဂျီးရီးယားမှာ ခရစ်ယာန်တွေရော မွတ်စလင်တွေပါ အကြမ်းဖက် တိုက်ခိုက်ခံနေရတယ်လို့ သုံးသပ်ထားကြပါတယ်။
Source: Reuters


