
အက်စတိန်းနဲ့ အတူတွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အရေးကြီး ကိစ္စမဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောဆိုပြီး စွပ်စွဲချက်တွေကို ပယ်ချလိုက်ပါတယ်။
ထရမ့်ပ်က “လူတိုင်း အက်စတိန်းကို သိကြတာပဲ။ လူတိုင်းနဲ့တွဲရိုက်ထားတဲ့ပုံတွေ အက်စတိန်းမှာရှိပါတယ်။ ကျနော်ပြောချင်တာက အက်စတိန်းနဲ့ တွဲရိုက်ထားတဲ့သူ ရာနဲ့ချီပြီးရှိပါတယ်”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အက်စတိန်းရဲ့ ဓာတ်ပုံ ၁၉ ပုံကို ဒီမိုကရက်အမတ်တွေက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အက်စတိန်းရဲ့ ဓာတ်ပုံပေါင်း ၉၅,၀၀၀ ကို ပြန်စိစစ်နေတယ်လို့ ဒီမိုကရက်တွေက ပြောခဲ့ပြီး အဲ့ဒီအထဲမှာ ထရမ့်ပ်ရဲ့ ဓာတ်ပုံ ၃ ပုံ ပါဝင်နေတာ ဖြစ်ပါတယ်။
ပထမဓာတ်ပုံဟာ အဖြူအမည်းဓာတ်ပုံဖြစ်ပြီး ထရမ့်ပ်က အမျိုးသမီးတွေကြားမှာ ပြုံးနေတဲ့ပုံဖြစ်ပါတယ်။ ဒုတိယပုံက ထရမ့်ပ်ဟာ အက်စတိန်းဘေးမှာ ထိုင်နေတဲ့ ပုံဖြစ်ကာ တတိယပုံက သိပ်ပြီး မထင်ရှားပေမဲ့ ထရမ့်ပ်ဟာ တခြားအမျိုးသမီးတွေနဲ့ အတူထိုင်နေတဲ့ ပုံဖြစ်ပါတယ်။
ဓာတ်ပုံတွေထဲမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ထရမ့်ပ်အကြံပေးဟောင်း စတိဗ်ဘန်နွန်၊ မိုက်ခရိုဆော့သူဌေး ဘီလ်ဂိတ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း လယ်ရီဆမ်းမားတို့ ပါဝင်တာ တွေ့ရပါတယ်။
အဲ့ဒီဓာတ်ပုံတွေထဲမှာ လိင်အရုပ်တွေနဲ့၊ ဒေါ်လာ ၄၅၀ တန် ထရမ့်ပ်ကွန်ဒုံးဆိုပြီး ထရမ့်ပ်မျက်နှာပုံနဲ့ ဖော်ပြထားတဲ့ ဓာတ်ပုံတွေလည်း ပါဝင်တာ တွေ့ရပါတယ်။
ထရမ့်ပ်နဲ့ အက်စတိန်းတို့ဟာ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတို့မှာ မိတ်ဆွေတွေ ဖြစ်ခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေးဟာ အက်စတိန်းပြစ်ဒဏ်မခံရမီ ပြတ်တောက်ခဲ့ကြောင်း ထရမ့်ပ်က ပြောပါတယ်။
အက်စတိန်းရဲ့ အသက်မပြည့်တဲ့မိန်းကလေးတွေကို လိင်ကုန်ကူးတဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း မသိကြောင်းလည်း ထရမ့်ပ်က အခိုင်အမာငြင်းဆိုထားပါတယ်။
Source: Reuters


