
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို အနေနဲ့ ရာထူးက နုတ်ထွက်လိုက်တာဟာ “လိမ္မာပါးနပ်” ရာ ရောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီဇင်ဘာ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်ရေတပ်က ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံကြွယ်ဝမှု လမ်းကြောင်းတွေကို ပိတ်ဆို့ထားချိန်မှာ ထရမ့်ပ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဝါရှင်တန်က စစ်ဆင်ရေးတွေနဲ့ ခြိမ်းခြောက်မှုတွေ တိုးမြှင့်နေချိန်မှာပဲ မဟာမိတ် ရုရှားကတော့ မာဒူရို အစိုးရကို အပြည့်အဝ ထောက်ခံကြောင်း ကြေညာထားပါတယ်။
မာဒူရိုကို ဖယ်ရှားဖို့ ရည်ရွယ်တာလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ထရမ့်ပ်က “ဒါက သူဘာလုပ်ချင်လဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒီလိုလုပ်တာက သူ့အတွက် လိမ္မာရာရောက်မယ်လို့ ကျုပ်ထင်တယ်” လို့ ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း “တကယ်လို့ သူက တင်းမာချင်တယ်ဆိုရင်တော့၊ ဒါဟာ သူ့အတွက် နောက်ဆုံးအကြိမ် တင်းမာခွင့်ရတာ ဖြစ်လိမ့်မယ်” လို့ ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
မာဒူရို ကတော့ ထရမ့်ပ်အနေနဲ့ သူများနိုင်ငံကို ခြိမ်းခြောက်နေမဲ့အစား ကိုယ့်နိုင်ငံပြဿနာကိုပဲ အာရုံစိုက်သင့်တယ်လို့ နာရီပိုင်းအတွင်းမှာပဲ တုံ့ပြန်ခဲ့ပါတယ်။
မာဒူရိုက “သူ့နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေကိုပဲ အာရုံစိုက်မယ်ဆိုရင် သူ့အတွက် ပိုကောင်းပါလိမ့်မယ်” လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်ဟာ မူးယစ်ဆေးဝါး သယ်ဆောင်တယ်လို့ စွပ်စွဲခံရတဲ့ လှေတွေကို တိုက်ခိုက်တာနဲ့ ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။
ထရမ့်ပ်ကတော့ မာဒူရိုအစိုးရဟာ ရေနံရငွေတွေကို မူးယစ်အကြမ်းဖက်မှုအတွက် သုံးနေတယ်လို့ စွပ်စွဲထားပြီး သိမ်းဆည်းရမိတဲ့ ရေနံတွေကို ပြန်လည်ရောင်းချဖို့ ဒါမှမဟုတ် သုံးစွဲဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
Source: Reuters


