
အမေရိကန်က ရေနံတင်သင်္ဘောတွေ သိမ်းယူမှုကို တုံ့ပြန်တဲ့အနေနဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေကြောင်းကုန်သွယ်မှုကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ဥပဒေတရပ်ကို အောက်လွှတ်တော်က အတည်ပြုခဲ့တယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုက ဒီဇင်ဘာ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒေသခံ မီဒီယာတွေနဲ့ ဒီဇင်ဘာ ၂၂ ရက် ကုန်စည်ပြပွဲတခုမှာ တွေ့ချိန် မာဒူရိုက ကမ္ဘာ့ပင်လယ်ပြင်တွေမှာ ပင်လယ်ဓားပြတွေကို ဆန့်ကျင်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ ကုန်သွယ်မှုကို အာမခံတဲ့ ဥပဒေလို့ နာမည်ပေးထားတဲ့ ဥပဒေကို လွှတ်တော်မှာ ပထမဆုံး ဆွေးနွေး အောင်မြင်ခဲ့ပြီး ရက်နည်းနည်းအတွင်း ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ပထမဆုံးဆွေးနွေးမှု အတည်ပြုခဲ့ပြီး မနက်ဖြန်မှာ သင်္ဘောတွေကို တိုက်ခိုက်ခြင်း၊ ပင်လယ်ဓားပြမှုနဲ့ နိုင်ငံတကာကုန်သွယ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုအားလုံးကို တားမြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တွေကို ပြဋ္ဌာန်းဖို့ သမ္မတနိုင်ငံရဲ့ အထူးဥပဒေအဖြစ် အတည်ပြုမှာ သေချာပါတယ်လို့ မာဒူရိုက ပြောပါတယ်။
ဒီဥပဒေကို “ကြီးမားပြီး စွမ်းအားရှိတဲ့ ဥပဒေ” အဖြစ် ဖော်ပြခဲ့ပါတယ်။
ဗင်နီဇွဲလား အစိုးရက ပင်လယ်ဓားပြတွေလို့ ယူဆတဲ့ လုပ်ရပ်တွေကို ထောက်ခံသူတွေအတွက် ထောင်ဒဏ်နှစ်၂၀ အထိ ပြစ်ဒဏ်တွေပါတဲ့ ဥပဒေဟာ ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေအပေါ် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကို တိုက်ရိုက်တုံ့ပြန်တဲ့အနေနဲ့ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်ရောက် ထွက်ခွာခွင့်ရှိတဲ့ ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့မယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်ကမ်းခြေစောင့်တပ်က နှစ်ပတ်အတွင်း တတိယအကြိမ်မြောက် စစ်ဆင်ရေးအနေနဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ ဗင်နီဇွဲလားနိုင်ငံနားက နိုင်ငံတကာရေပိုင်နက်မှာ ရေနံတင်သင်္ဘောတစင်းကို လိုက်ဖမ်းခဲ့ပါတယ်။


